စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် တိုင်းပြည်သည် အဖက်ဖက်မှ ယိုယွင်းပျက်စီးခဲ့ရသည်ဟု ဗကသများအဖွဲ့ချုပ်ပြော

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တိုင်းပြည်သည်အဖက်ဖက်မှာ အားလုံးယိုယွင်းပျက်စီးခဲ့ရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)၏ တာဝန်ရှိသူများက ပြောဆိုသည်။

18 May 2022

Photo Crd - ဗကသများအဖွဲ့ချုပ်

DMG ၊ မေ ၁၈

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တိုင်းပြည်သည်အဖက်ဖက်မှာ အားလုံးယိုယွင်းပျက်စီးခဲ့ရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)၏ တာဝန်ရှိသူများက ပြောဆိုသည်။

“စစ်အာဏာရှင်စနစ်ဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာဆောက်တည်ထားတယ်လို့ ကျနော်တို့အနေနဲ့နားလည်တယ်။ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်)ကို အမြစ်ပြတ်ဖြိုဖျက်ပြီး ပြည်သူ့လွတ်မြောက်ရေးအတွက်ဆောင်ရွက်နိုင်မှသာ ပြည်သူလူထုအနေနဲ့ အထွေထွေအကျပ်အတည်းကနေ အမှန်တကယ်လွတ်မြောက်နိုင်မယ်လို့ ယူဆပါတယ်”ဟု (ဗကသ)များအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမင်းခန့်နိုင်က DMG ပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အခက်အခဲအကျပ်အတည်းအားလုံးသည် အနှစ်နှစ်ကာလကဖြစ်တည်လာခဲ့သည့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဖြစ်သည်ဟုလည်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ ယခုအခါ တစ်နှစ်နှင့်ငါးလအထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရမှုများမှာလည်း လက်ရှိအချိန်ထိရှိနေပြီး ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့အထိ သေဆုံးသူ ၁၈၄၄ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၇၁၃ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏စာရင်းအရ သိရသည်။

ဖမ်းဆီးခံရသူများအထဲတွင် ဗကသများအဖွဲ့ချုပ်မှ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအပါအဝင် အယောက် ၃၀ ကျော်ရှိပြီး လက်ရှိအချိန်ထိပြန်မလွတ်သေးသူ အများအပြားရှိနေသေးကြောင်းသိရသည်။

ယင်းအပြင် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူအပါအဝင်သုံးဦးမှာ စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီးနောက်ပိုင်း စစ်ကြောရေးကာလမှာသေဆုံးသွားခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

“နွေဦးတော်လှန်ရေးမှာရော ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်မှာရော ကျဆုံးသွားကြတဲ့ ပြည်သူလူထုတွေ၊ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာတွေ၊ မုဒိန်းကျင့်နှိပ်စက်သတ်ဖြတ်ခံရတာတွေ၊ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေအားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝတာဝန်ရှိတယ်”ဟု ကိုမင်းခန့်နိုင်ကပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် လက်ရှိမှာ ပြည်သူလူထုကိုယ်တိုင်က ရရာလက်နက်ကိုကိုင်ဆွဲကာ စစ်ကောင်စီကို မြိုင်မြိုင်ဆိုင်ဆိုင်နှင့် တိုက်ပွဲဆင်နွှဲနေကြပြီဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် ယနေ့တိုင်ဆန့်ကျင်တွန်းလှန်တိုက်ခိုက်နေကြသည့် ကျောင်းသားများအပေါ် အသိအမှတ်ပြုသည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဦးသန်းနိုင်ကပြောသည်။

“ကျောင်းသားတွေအနေနဲ့ လက်ရှိအချိန်ထိလှုပ်ရှားနေတာကို ကျွန်တော်တို့အနေနဲ့လည်းထောက်ခံတယ်။ တစ်နေ့နေ့မှာ အောင်မြင်မှုရမယ်လို့လဲ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUG အပေါ်မှာ အာရုံစိုက်မှုတွေရှိတယ်။ ဒီလိုအခြေအနေမျိုးသာသွားနေမယ်ဆိုရင် အောင်မြင်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်”ဟု ကိုဦးသန်းနိုင်ကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်အထိကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူတစ်ရပ်လုံးမှာ ယနေ့အချိန်ထိမရပ်တန့်ဘဲ နည်းမျိုးစုံနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို လှုပ်ရှားနေကြဆဲဖြစ်သည်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ဆောင်ရွက်သွားမည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးပမ်းနေသည်။

ဗီဒီယိုများ