စစ်ကြောရေးအတွင်း အရပ်သားများကို ညှဉ်းပမ်းနှိပ်စက်ခြင်းမပြုလုပ်ရန် ရခိုင်လူငယ်များတောင်းဆို

“ကျွန်မတို့ တောင်းဆိုထားတဲ့အရာတွေအားလုံး ဖြစ်လာမယ်လို့မျှော်လင့်တယ်။ နောက်ထပ်လည်း နည်းလမ်း တစ်ခုခုနဲ့ ရအောင်ကြိုးစားလုပ်ဆောင်သွားမယ်။ ဒါတွေဖြစ်လာဖို့အတွက်တော့ ကျွန်မတို့က နည်းလမ်းမျိုးစုံနဲ့ ရှေ့ဆက်ကြိုးစားသွားမယ်။ ဘာဖြစ်လို့ဆိုတော့ ပြည်သူတစ် ယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးမှုအပိုင်းကို သွားနေတဲ့အချိန်မှာ ပိတ်ပင်တားဆီးတာမျိုးကို မလိုချင်ဘူး”

By အောင်ထိန် 08 Oct 2019

ဇူလိုင်လဆန်းပိုင်းက ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ တရားမျှတမှုအတွက် စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့၌ သရုပ်ဖော်ပွဲ ပြုလုပ်ခဲ့ကြစဉ်

အောင်ထိန် / DMG

အောက်တိုဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် စစ်ကြောရေးကာလအတွင်း အရပ်သားများကို ညှဉ်းပန်းနှိပ်စက်ခြင်းများမပြုလုပ်ရန် ရခိုင် လူငယ်မျိုးဆက်သစ် ကွန်ရက်က ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်းတွင် အရပ်သားတချို့ဖမ်းဆီးခံနေရမှုများရှိနေ ပြီး စစ်ကြောရေးကာလများတွင် သေဆုံးမှုများလည်း ရှိနေသောကြောင့် ညဉ်းပမ်းနှိပ်စက်ခြင်းမပြုလုပ်ရန်  တောင်းဆိုရခြင်းဖြစ်သည်ဟု ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့ တာဝန်ခံ (၁) မဦးခင်သိန်းက ပြောသည်။

“စစ်ကြောရေးကြောင့် အဓိက နစ်နာသူမှာ ပြည်သူဖြစ်နေတယ်။ ပြည်သူတွေက စစ်ပွဲဒဏ်ခံစားနေရတယ်။ အပြစ်မဲ့ပြည်သူတွေက သံသယနဲ့ မတရားဖမ်းဆီးခံနေကြရတယ်။ အခုဆိုလည်း ဖမ်းဆီးခံနေရတဲ့ လူငယ်တွေ အများကြီးရှိနေတယ်။ သူတို့အချင်းချင်း ဖြစ်တဲ့ကြားမှာ အပြစ်မရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားတာမျိုး မလုပ်ဖို့အတွက် တောင်းဆိုရတာ” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်ပြည်သူများကိုလည်း အစိုးရက ကူညီပံ့ပိုးမှု အပြည့်အဝပေးရန်၊ ပြည်တွင်း၊ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများကို လွတ်လပ်စွာ သွားရောက်ကူညီခွင့်ပြုရန်၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုအတွက် တောင်းဆိုနေကြသည့် လူငယ်များကို အစိုးရက တရားစွဲဆိုမှုမပြုလုပ်ရန်လည်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က တောင်းဆိုထားသည်။

“ကျွန်မတို့တောင်းဆိုထားတဲ့အရာတွေအားလုံး ဖြစ်လာမယ်လို့မျှော်လင့်တယ်။ နောက်ထပ်လည်း နည်းလမ်း တစ်ခုခုနဲ့ ရအောင်ကြိုးစားလုပ်ဆောင်သွားမယ်။ ဒါတွေဖြစ်လာဖို့အတွက်တော့ ကျွန်မတို့က နည်းလမ်းမျိုးစုံနဲ့ ရှေ့ဆက်ကြိုးစားသွားမယ်။ ဘာဖြစ်လို့ဆိုတော့ ပြည်သူတစ် ယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးမှုအပိုင်းကို သွားနေတဲ့အချိန်မှာ ပိတ်ပင်တားဆီးတာမျိုးကို မလိုချင်ဘူး”ဟု မ ဦးခင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်ပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသူ (၁၅)ဦး ရှိသည်။ ထိုသေဆုံးမှုများနှင့်ပတ်သက်ပြီး အမှန်အတိုင်းပေါ်ပေါက်စေရန် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ် ပြန်ထားသော်လည်း စုံစမ်းစစ်ဆေးသည့်ရလဒ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။

ဗီဒီယိုများ