ဂွမြို့တွင် ဒေသန္တရအမိန့်ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဖြင့်အမှုဖွင့်ရန် စီစဉ်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို ဖျောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

28 Aug 2021

DMG ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို ဖျောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသေးသဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်အပြင်သို့ မထွက်ရဟု သြဂုတ်လ ၂၅ ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်။

ယမန်နေ့က ယင်းအမိန့်ကိုဖောက်ဖျက်ကျူးလွန်မှုဖြင့် လူ ၃ ဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူရန်ဆောင်ရွက်နေကြောင်း ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

"သူတို့က အမိန့်ကိုမလိုက်နာဘဲ အပြင်ကိုထွက်တော့ ဖမ်းပြီး အရေးယူဆောင်ရွက်ဖို့လုပ်ဆောင်နေတယ်" ဟု ၎င်းကပြောသည်။

ယင်းသို့ဖမ်းဆီးခံထားရသူ ၃ ဦးမှာ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ကျေးရွာမှ ဒေသခံတစ်ဦးနှင့် ဧရာဝတီတိုင်းမှ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာသို့ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စအပြင် အရေးပေါ်အပြင်ထွက်သွားလာရေးအတွက် အပြင်ထွက်ကဒ်များကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အုပ်စုအလိုက်၊ ရပ်ကွက်အလိုက် လုပ်ဆောင်ပေးနေခြင်းရှိကြောင်းလည်း သိရသည်။

ဂွမြို့နယ်အတွင်းမှ ဈေးဆိုင်များအနေဖြင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ဈေးရောင်းချခွင့်ပြုမည်ဟု အမိန့်ထုတ်ပြန်ထားသည်။

ယင်းအမိန့်ထုတ်ပြန်ချက်ကြောင့် ဒေသခံလက်လုပ်လက်စားများ အနေဖြင့် အခက်အခဲရှိလာနိုင်ကြောင်း ဂွမြို့နယ် လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။

ဗီဒီယိုများ