ကျောင်းဖွင့်ချိန်အမီ မရောက်သည့် ဆရာ၊ဆရာမများကို အရေးယူမည်ဟု ပညာရေးဌာနကဆို

အခြေခံပညာကျောင်းများကို ယနေ့(ဇွန်လ ၂ ရက်နေ့)မှစတင် ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် မိမိတာဝန်ကျရာ စာသင်ကျောင်းများသို့ မရောက်ရှိသည့် ဆရာ၊ဆရာမများကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတိပေးလိုက်သည်။

02 Jun 2022

DMG ၊ ဇွန် ၂

အခြေခံပညာကျောင်းများကို ယနေ့(ဇွန်လ ၂ ရက်နေ့)မှစတင် ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် မိမိတာဝန်ကျရာ စာသင်ကျောင်းများသို့ မရောက်ရှိသည့် ဆရာ၊ဆရာမများကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတိပေးလိုက်သည်။

လက်ရှိတွင် ဆရာ၊ဆရာမအများစုမှာ စာသင်ကျောင်းများသို့ ရောက်ရှိနေပြီဖြစ်ကာ မရောက်ရှိသည့် ဆရာ၊ ဆရာမများကို အရေးယူမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှုး(စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ပြောဆိုသည်။

“ရခိုင်ပြည်မှာမရောက်ရှိတဲ့ ဆရာ/မလို့တော့ မရှိဘူး။ သက်ဆိုင်ရာကျောင်းဖွင့်တဲ့နေ့မှာ အကုန်လုံးရောက်ရမှာ။ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မရှိသလောက်လေ။ CDM ၅ ယောက်ရှိတယ်ဆိုတဲ့ဟာလည်း အကုန်လုံးသူ့ဟာနဲ့သူ ခန့်ထားပြီးသား။ အရင်တုန်းက ကျောင်းတွေက ပုံမှန်လည်ပတ်မှုမရှိတဲ့အတွက် ခရီးလွန်ပြီးမရောက်ရှိလာနိုင်တာပေါ့။ အခုကတော့ ဇွန်လ ၂ ရက်နေ့မှာ ကျောင်းဖွင့်မယ်ဆိုတာ နိုင်ငံတော်ကလည်း တရားဝင်ကြေငြာထားပြီးသားဖြစ်တယ်။ မရောက်ရင် အရေးယူခံရမှာ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆရာ၊ဆရာအများစုမှာ စာသင်ကျောင်းများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း စာရင်းအတိအကျမရရှိနိုင်‌သေးကြောင်း၊ ကျောင်းဖွင့်ချိန်အမီ မရောက်လာလျှင် နွေရာသီတွင် ထုတ်ယူထားသော လစာဟူသမျှ ပြန်လျော်ရမည်ဟု ဒေါက်တာ ထွန်းထွန်းသိန်းက ဆက်ပြောသည်။

‌”ဇွန်လ ၂ ရက်နေ့ ကျောင်းဖွင့်ချိန်အမီမဝင်ရင် နွေရာသီမှာထုတ်တဲ့ လစာဟူသမျှ ပြန်လျော်ရမှာဖြစ်တဲ့အပြင် သူ့ကိုလစာမဲ့ခွင့် သတ်မှတ်မယ်။ ထပ်ပြီးနိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အရေးယူမယ်"ဟု ၎င်းကဆိုသည်။

ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ကျနေသည့် ဆရာ၊ဆရာမများအနေဖြင့် မိမိကျောင်းများသို့ အချိန်မီမရောက်ရှိနိုင်သည့်အနေအထားလည်းရှိသောကြောင့် ၎င်းတို့အတွက်လည်း အခွင့်အရေးပေးသင့်ကြောင်း သံတွဲမြို့နယ်မှ အမည်မဖော်လိုသည့် ဆရာမတစ်ဦးကပြောသည်။

“သူတို့မှာ ရွာတွေကို တစ်ရက်တည်းနဲ့သွားလို့မရတဲ့ အနေအထားတွေရှိပါတယ်။ ကျန်းမာရေးကိစ္စ ဘာညာတွေကြောင့် မရောက်နိုင်တာတွေလည်းရှိတယ်လေ။ သူတို့ကိုလအခွင့်အရေးတွေပေးသင့်ပါတယ်။ ဥပမာ- တကယ်ကျန်းမာရေးမကောင်းလို့လမလာနိုင်ဆိုရင် ဆေးထောက်ခံချက်ဖြစ်ဖြစ် တောင်းသင့်ပါတယ်လေ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စာသင်ကျောင်းများသို့ မရောက်ရှိကြသည့် ဆရာ၊ဆရာမအချို့လည်းရှိနေသေးသည်ဟု ပညာရေးရပ်ဝန်းမှ သိရသည်။

အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့သည်။ ဆရာ၊ ဆရာများအနေဖြင့် ကျောင်းသား၊ကျောင်းသူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်း မပြုရ၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ