Arakan Dream 2020 ကို အကောင်အထည်ဖော်ရန်နှင့် ICJ တွင် တရားရင်ဆိုင်နေမှုအပေါ် ဖိအားပိုမိုရရှိစေရန် AA တိုက်ခိုက်နေဟု တပ်မတော်ထုတ်ပြန်

“AA အနေနဲ့ တစ်ချိန်က အာရကန်နိုင်ငံတော်ရဲ့ အိပ်မက်ကို ပြန်လည်အသက်သွင်းပြီး လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် သီးခြားရပ်တည်ခွင့် ဒါမှမဟုတ် ရခိုင်ဒေသ လွတ်လပ်ရေးရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောဆိုခဲ့သည်။

By ဖဒူ ထွန်းအောင် 13 Dec 2019

ဖဒူ ထွန်းအောင် | DMG
ဒီဇင်ဘာ ၁၃၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)အနေဖြင့်  Arakan Dream 2020 ကို အကောင်အထည်ဖော်ရန်နှင့် ICJ ၌  တရားရင်ဆိုင်နေရမှုအပေါ် နိုင်ငံတကာ ဖိအား ပိုမိုရရှိစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများဖော်ထုတ် တိုက်ခိုက်နေသည်ဟု တပ်မတော်က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရက္ခိုင့်တပ်တော်(AA)သည် ဒီဇင်ဘာလ (၉)ရက်နေ့မှ စတင်ကာ နေရာအနှံ့အပြား၌ သာလွန်အင်အားများဖြင့် တပ်မတော်စခန်းများ၊ လမ်းတံတားစီမံကိန်းများနှင့် နယ်မြေခံရဲကင်းများကို တိုက်ခိုက်နေသည်။ ထိုသို့တိုက်ခိုက်နေခြင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ်  လူမျိုးတုံးသတ်ဖြတ်မှု (genocide) ဖြင့် တရားစွဲဆိုထားမှုအား ရင်ဆိုင်တုန့်ပြန်ဖြေရှင်းနေရသည့် အချိန်ကို အခွင့်ကောင်းယူ၍ တရားရင်ဆိုင်ဖြေရှင်းနေရမှုအား  အကြပ်အတည်း အခက်အခဲဖြစ်စေရန် တိုက်ခိုက်နေခြင်းဟု စွပ်စွဲသည်။

ထို့အပြင် လူနည်းစုများအပေါ် တပ်မတော်က နှိပ်စက်အနိုင်ကျင့်တိုက်ခိုက်နေသည့် ပုံစံဖြစ်ပေါ်စေရေး ပုံဖော်ရန် ရည်ရွယ်ချက်တို့ဖြင့် တိုက်ခိုက်နေခြင်းဟုလည်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

AA အနေဖြင့် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့နှင့် ၎င်းနေ့ရက်ပတ်ဝန်းကျင်၌ ပြည်နယ်တွင်း မြို့၊ရွာ၊လမ်းတံတား၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်၍ ဆူပူအုံကြွမှုများဖြစ်စေရန် စီမံချက်ရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု တပ်မတော်ကဆိုသည်။

ထိုသို့ဆောင်ရွက်နေစဉ် ဒီဇင်ဘာလ (၉)ရက်မှ (၁၁)ရက်နေ့အထိ တပ်မတော်က လုံခြုံရေးဆောင်ရွက်နေသည့် မင်းပြားမြို့နယ်၊ မင်းဖူးတောင်စခန်းနှင့် ပလက်ဝမြို့နယ်၊ နှုံးဘူးစခန်းတို့ကို သာလွန်အင်အားတို့ဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပလက်ဝစခန်း၊ ရာမောင်တံတားလုံခြုံရေးစခန်း၊ ယိုးတရုတ်ရဲကင်းစခန်း၊ အမ်းမြို့နယ် ယောချောင်းတံတားအနီး လုံခြုံရေးစစ်ကြောင်းတို့ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက်ပေးရာတွင် တပ်မတော်သည် အင်အား (၅၀၀၀)ကျော်ခန့်ရှိသည့် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ခိုက်မှုများရှိနေပြီး AA အနေဖြင့် ရခိုင်နိုင်ငံတော်ကို တည်ထောင်နိုင်ရန်အတွက် ရခိုင်ဒေသလွတ်လပ်ရေးရရှိရန် ဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“AA အနေနဲ့ တစ်ချိန်က အာရကန်နိုင်ငံတော်ရဲ့ အိပ်မက်ကို ပြန်လည်အသက်သွင်းပြီး လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ကို တည်ထောင်နိုင်ဖို့အတွက် သီးခြားရပ်တည်ခွင့် ဒါမှမဟုတ် ရခိုင်ဒေသ လွတ်လပ်ရေးရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောဆိုခဲ့သည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ တုန့်ပြန်ချက်ကိုရရှိရန်အတွက် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ