Myanmar Beer နှင့် Andaman Gold Beerတို့ကို ရက္ခိုင် ဇီးချောင်းသင်္ကြန်တွင် ရောင်းချခွင့်ပိတ်

မြန်မာနိုင်ငံတွင်အရောင်းရဆုံး စာရင်းဝင် ဘီယာဖြစ်သည့် Myanmar Beer နှင့် Andaman Gold Beer တို့ကို ရက္ခိုင်ပြည် ဇီးချောင်းသင်္ကြန်တွင် ရောင်းချခွင့်ပိတ်ထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။

14 Apr 2022

DMG | ဧပြီ ၁၄

မြန်မာနိုင်ငံတွင်အရောင်းရဆုံး စာရင်းဝင် ဘီယာဖြစ်သည့် Myanmar Beer နှင့် Andaman Gold Beer တို့ကို ရက္ခိုင်ပြည် ဇီးချောင်းသင်္ကြန်တွင် ရောင်းချခွင့်ပိတ်ထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် ၊ ဇီးချောင်းဆည်အနီးတွင် ပြုလုပ်ကျင်းပနေသည့် ဇီးချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံတွင် ရောင်းအားအကောင်းဆုံးဖြစ်သည့်  Myanmar Beer နှင့် Andaman Gold Beer တို့ကို ရောင်းချခွင့်ပိတ်ပင်ထားကြောင်း ဈေးရောင်းချနေသူများက ဆိုသည်။

ဇီးချောင်း ရက္ခိုင်သင်္ကြန်ပွဲကျင်းပရေးတာဝန်ရှိသူများမှ ရောင်းချခွင့် ပိတ်ထားခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင်ဒေသထွက် ဒေသထွက်အရက်များနှင့် အချို့သော အရက်ဘီယာများကိုသာ ရောင်းချခွင့်ပြုထားကြောင်း မြောက်ဦးမြို့ စာကြိုက်တိုက်ဖွင့်လှစ်ရေးအတွက် ဆိုင်ရောင်းချနေသည့် MUYA အဖွဲ့မှ ကိုခိုင်မင်းသျှင်ကဆိုသည်။

"စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေကို ရောင်းချခွင့်မရှိပါဘူး။ ပိတ်ပင်ထားပါတယ်" ဟု သူကဆိုသည်။

ထိုသို့ Myanmar Beer နှင့် Andaman Gold Beer တို့ကို ရောင်းချခြင်းမပြုလုပ်ရန် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ ညနေ ၇ နာရီခန့်က ပွဲတာဝန်ရှိသူများမှ ဈေးရောင်းချသူများကို ခေါ်ယူအသိပေးမှုများရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ဈေးရောင်းချနေသူတစ်ဦးက ဆိုသည်။

"Myanmar Beer နဲ့ Andaman Gold Beer တွေကို မရောင်းဖို့နဲ့ ကွမ်းတွေကိုပါ မရောင်းဖို့ဆိုပြီး တာဝန်ရှိသူတွေက အဖိတ်နေ့ မတိုင်ခင်တရက်(ဧပြီ ၁၂)က ခေါ်ပြောခဲ့တာတွေတော့ရှိတယ်။ ဒီတော့ ပွဲစခါနီးမှ အခုလိုပြောတော့ ဝယ်ပြီးသားတချို့ကတော့ သောင်တင်တာပေါ့"ဟု ၎င်းကဆိုသည်။

လက်ရှိတွင် " ရိုးရာ ”ဆန်အရက် ၊ Black Label နှင့် ဒေသထွက်အရက်အချို့ကိုသာ ရောင်းချခွင့်ပြုထားကြောင်း သူက ထပ်လောင်းပြောဆိုသည်။

ယခုကဲ့သို့ Myanmar Beer နှင့် Andaman Gold Beer တို့ကို ရောင်းချခွင့်ပိတ်ပင်ခြင်းမှာ မြန်မာစစ်တပ်မှ ထုတ်သောထုတ်ကုန်ဖြစ်သည့်အတွက်ကြောင့်ဆိုခြင်းထက် ကျန်းမာရေးရှု့ထောင့်မှ ကြည့်ရှုကာ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဇီးချောင်းပွဲကျင်းပရေးကော်မတီခေါင်းဆောင်ဖြစ်သူ  ကိုအောင်မြတ်ကျော်ကပြောသည်။

"ကျွန်တော်တို့က စစ်တပ်ထွက်ကုန်ကို ကန့်သတ်တာမျိုးမဟုတ်ပါဘူး။ အဓိကတော့ ကျန်းမာရေးရှုထောင့်က ကြည့်ပြီးတော့ ကျွန်တော်တို့ ဓာတ်ခွဲခန်းက အတည်ပြုထားတဲ့ စာရွက်စာတမ်းလက်မှတ်ပါတဲ့ အရက်ဘီယာတွေကိုတော့ ရောင်းချခွင့်ပြုထားပါတယ် "ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ကျန်းမာရေးနှင့်မညီညွတ်သည့်အရက်သေစာများကိုသောက်သုံးခြင်းကြောင့် အချိန်မတန်ပဲ သေဆုံးမှုများဖြစ်ပေါ်နေရကြောင်းနှင့် ထိုအခြင်းအရာများကို လျှော့ချရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကိုအောင်မြတ်ကျော်က ဆိုသည်။

"ကျွန်တော်တို့အတွက် လုံလောက်တဲ့ သက်သေပြနိုင်တဲ့ အရက်တွေကိုပဲ တင်သွင်းခွင့်ပြုပါတယ် ။ ကျန်တာတွေကိုတော့ တင်သွင်းခွင့်မပြုပါဘူး။ အခုပိတ်ထားတဲ့ဟာတွေက သူတို့ရဲ့ အာမခံချက်ဘယ်လောက်ရှိတယ်ဆိုတာကို မသိရတဲ့အတွက်ကြောင့်ပါ"ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထုတ် ကုန်ပစ္စည်းများကို ရောင်းချခွင့် ပိတ်ပင်ရန် ဆွေးနွေးနေကြောင်း ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဇီးချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် စည်စည်ကားကား ကျင်းပခဲ့ခြင်းဖြစ်ကာ ရက္ခိုင်ပြည် အနယ်နယ်အရပ်ရပ်မှ ရခိုင်ဒေသခံများလာရောက်လျှက်ရှိပြီး လူဦးရေထောင်နှင့် ချီကာဆင်နွဲနေကြကြောင်း သိရသည်။

ဗီဒီယိုများ