အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ပညာတတ်လူငယ်များလိုအပ်နေသေးကြောင်း AA ဆို

ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေးလုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်းတို့တွင် လူငယ်၊လူလတ်ပိုင်းအရွယ်အများအပြား ပူးပေါင်းပါဝင်မှုရှိသော်လည်း အားရသည့်အနေအထားသို့ မရောက်သေးသည့်အတွက်ကြောင့် ပညာတတ်လူငယ်များလိုအပ်နေသေးကြောင်း AA ဘက်က ပြောဆိုလိုက်သည်။

05 Apr 2022

DMG ၊ ဧပြီ ၅

ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေးလုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်းတို့တွင် လူငယ်၊လူလတ်ပိုင်းအရွယ်အများအပြား ပူးပေါင်းပါဝင်မှုရှိသော်လည်း အားရသည့်အနေအထားသို့ မရောက်သေးသည့်အတွက်ကြောင့် ပညာတတ်လူငယ်များလိုအပ်နေသေးကြောင်း AA ဘက်က ပြောဆိုလိုက်သည်။

“လူငယ်တွေကို လိုအပ်တဲ့အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတွေ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေရေးရာနဲ့ပတ်သက်တဲ့သင်တန်းတွေကို ကျနော်တို့ပေးနေတာတွေရှိတယ်။ အဲလိုနေရာတွေမှာ လျှောက်ထားကြတဲ့သူတွေများတဲ့ တချို့နေရာတွေမှာ စနစ်တကျ စီစစ်ရွေးချယ်ပြီးမှ လက်ခံရတာတွေရှိတယ်။ သို့သော်လည်း တစ်ဖက်မှာ ပညာတတ်လူငယ်တွေ၊ လူလတ်ပိုင်းတွေအနေနဲ့ ပါဝင်မှုကတော့ ကျနော်တို့အားရလောက်တဲ့အနေအထားအထိ မရောက်လာသေးဘူး”ဟု ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ခိုင်သုခက ဆိုသည်။

အာရက္ခနိုင်ငံတော်တည်ဆောက်ရေးတွင် လိုအပ်နေသည့် ပညာတတ်လူငယ်များ လက်ရှိပါဝင်နေမှုနှင့်ပတ်သက်ပြီး ယနေ့(ဧပြီ ၅)ရက်နေ့တွင် ULA/AA ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက သတင်းထောက်များကို ရှင်းပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA သည် အုပ်ချုပ်ရေး၊ ဥပဒေရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေပြီး အဆိုပါကဏ္ဍအတွက် သင်တန်းများခေါ်ယူရာတွင် ရခိုင်လူငယ်များဘက်မှလည်း အားရစရာကောင်းအောင် ပူးပေါင်းပါဝင်လာမှုရှိနေသော်လည်း AA အနေဖြင့် အားရလောက်သည့်အနေအထားသို့ မရောက်သေးခြင်းဖြစ်ကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

ထိုသို့လူငယ်များကို ဖိတ်ခေါ်ရခြင်းမှာလည်း လူ့စွမ်းအားအရင်းအမြစ်များအသုံးချကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်လာစေရေးအတွက်ဖြစ်သည်ဟုလည်း ၎င်းကရှင်းပြသည်။

“ကျနော်တို့မှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျအသုံးချပြီးတော့ အလုပ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ လူငယ်၊လူလတ်ပိုင်းတွေ အထူးသဖြင့် ကျနော်တို့ ULA/AA ကလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်လာနိုင်ဖို့အတွက် ဖိတ်ခေါ်နေတာရှိပါတယ်”ဟု ခိုင်သုခကဆိုသည်။

လက်ရှိတွင် ရခိုင်တက္ကသိုလ်များတွင် ပညာရေးကို တစိုက်မတ်မတ်ကြိုးစားနေသူများရှိနေပြီး တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်လာစေရန်အတွက် ၎င်းတို့စိတ်ဝင်စားတတ်ကျွမ်းသည့် ပညာရပ်များကို စနစ်တကျသင်ကြားထားသင့်ကြောင်းလည်း ရခိုင်လူငယ်တို့က ဆိုသည်။

“လူငယ်တွေ နားလည်တတ်ကျွမ်းချင်တဲ့ အခန်းကဏ္ဍတခုချင်းစီမှာ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေမယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် လက်ရှိမြန်မာအစိုးရကလည်း ပညာတတ်လူငယ် တွေကိုခေါ်နေတဲ့အတွက် အပြိုင်အဆိုင်ကြိုးစားရမယ်။ မြန်မာအစိုးရက ရခိုင်ပညာတတ်လူငယ်တွေကို အစိုးရယန္တရားမှာ လစာပေးခန့်သလို ULA /AA ကလည်း အမျိုးသားနိုင်ငံတော် တည်ထောင်ချိန်မှာ လူငယ်တွေကိုစနစ်တကျ အပြိုင်အဆိုင်ခေါ်သင့်တယ်လို့မြင်တယ်”ဟု စစ်တွေဒေခံ လူငယ်ကိုကျော်နိုင်ဌေးကဆိုသည်။

ရခိုင်ပြည်နယ်တွင် AA သည် တရားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ကို ကိုင်တွယ်ဖြေရှင်းပေးနေပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တရားရေးဌာနသို့ တိုင်ကြားလာသည့်အမှုပေါင်း ၂၀၂၁ ခုနှစ်အတွင်းက ၃၈၃၈ မှု၊ ၂၀၂၂ ခုနှစ် သုံးလတာကာလအတွင်း ၁၈၄၅ မှုနှင့် စုစုပေါင်းအမှုပေါင်း ၅၆၈၃ ရှိကြောင်း သိရသည်။

ယင်းအထဲမှဖြေရှင်းပြီး အမှုပေါင်းမှာ ၂၀၂၁ ခုနှစ်အတွင်းက ၁၉၀၀ မှုနှင့် ၂၀၂၂ ခုနှစ် သုံးလတာကလတွင်း ၁၀၂၆ မှုဖြစ်ကာ တစ်နှစ်ကျော်အတွင်း ၂၉၂၆ မှုဖြေရှင်းနိုင်ခဲ့ပြီး နောက်ထပ်ဖြေရှင်းရန်အမှုပေါင်း ၂၇၅၇ ကျန်ရှိသေးကြောင်း သိရသည်။

ထို့နည်းတူ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အရက္ခတိုင်းပြည်၏ ယန္တရားများတွင် ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်တာဝန်ယူ၊ တာဝန်ထမ်းဆောင်ပေးနိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်နေသဖြင့် လာရောက်တာဝန်ထမ်းဆောင်ကြရန် ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းခဲ့သည်။

ဗီဒီယိုများ