အေအေ၏အုပ်ချုပ်ရေးနဲ့ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဟု အေအေပြောခွင့်ရသူဆို

ရက္ခိုင့်တပ်တော်(AA)မှ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အောက်တိုဘာ ၄ ရက်နေ့တွင် DMG သို့ပြောသည်။

04 Oct 2021

photo - ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးဌာန

DMG ၊ အောက်တိုဘာ ၄

ရက္ခိုင့်တပ်တော်(AA)မှ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အောက်တိုဘာ ၄ ရက်နေ့တွင် DMG သို့ပြောသည်။

“အဲလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူသတိပေးတာကတော့ ယုံကြည်မှုတည်ဆောက်ရေးကို အများကြီးထိခိုက်စေတာပေါ့။ ပြောမယ်ဆိုလို့ရှိရင်တော့ လုံးဝမလုပ်သင့်တဲ့ကိစ္စကို မြန်မာစစ်တပ်ဖက်က လုပ်နေတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စုမှ ကျေးရွာတာဝန်ခံ ၃ ဦးအား ခမရ(၅၃၅)တပ်ရင်းမှ တပ်ရင်းမှူးကခေါ်ယူကာ ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု အမည်မဖော်လိုသည့်ကျေးရွာတာဝန်ခံတစ်ဦးက DMG သို့ပြောသည်။

“အဲဒီနေ့က ကျွန်တော်တို့ကိုခေါ်ပြီးတော့ စစ်ဆေးတာရှိတယ်။ သူတို့မေးတာကတော့ ICRC က ထောက်ပံ့တဲ့ရိက္ခာတွေကို AA ကိုထောက်ပံ့တာတွေရှိလာလို့မေးတယ်။ ရွာတွေမှာ AA အဖွဲ့ ဖွဲ့ထားတာတွေရှိလာလို့မေးတယ်။ ဘယ်သူတွေပါလဲ မေးတော့ ကျွန်တော်တို့က AA ကို စားနပ်ရိက္ခာထောက်ပံ့တာလည်း မရှိဘူး၊ ရွာထဲမှာ AA အဖွဲ့လည်းမရှိဘူးလို့ပြန်ဖြေခဲ့တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်မှခေါ်ယူကာ AA ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ပါက တရားဥပဒေအရအရေးယူမည်ဟု ခေါ်ယူသတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများကို ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)တပ်ရင်းကခေါ်ယူပြီး ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များနှင့် AA တပ်ဖွဲ့ဝင်များတွေ့ရှိလျှင် သတင်းပေးတိုင်ကြားကြရန် ခေါ်ယူပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးများကို ပျက်ပြားအောင်လုပ်ခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြန်မာစစ်တပ်ကခေါ်ယူစစ်ဆေးပြီးတော့ သတိပေးတယ်ဆိုတာကတော့ ဥပဒေစိုးမိုးနေတဲ့နေရာတွေမှာ တည်ငြိမ်နေတဲ့နေရာမှာ အဲ့လိုမျိုးခြိမ်းခြောက်ပြီးတော့ ပြောဆိုတဲ့ဆိုတာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအေးချမ်းရေးကို ပျက်ပြားအောင်လုပ်လိုတဲ့သဘောထားကိုဖော်ပြတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂ နှစ်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၁ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ