တပ်မတော်မှခေါ်ဆောင်သွားသည့် စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအား ပြန်လွှတ်ပေးရန်တောင်းဆို

တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားသည့် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးရန် ကျန်ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တောင်းဆိုကြသည်။

By အောင်ထိန် 04 Oct 2020

ပုံစာ - စစ်တွေမြို့နယ် တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးအား တပ်မတော်မှ ခေါ်ဆောင်သွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံစဉ်

အောင်ထိန် | DMG
အောက်တိုဘာ ၄ ၊ စစ်တွေ

တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားသည့် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးရန် ကျန်ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တောင်းဆိုကြသည်။

တောကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင်(၃၇)နှစ်ကို တပ်မတော်မှခေါ်ဆောင်သွားသည့်ကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ယနေ့(အောက်တိုဘာ ၄ ရက်)တွင် စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးအား အပြစ်မရှိလျှင်ပြန်လွှတ်ပေးရန်၊ ဖမ်းဆီး ထားလျှင် ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်နှင့် ၎င်းအားမည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို စုံစမ်း မေးမြန်းပေးရန်တို့ကို စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆိုခဲ့ကြကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

“ကျွန်တော်တို့က ထိန်းသိမ်းခံထားရတဲ့ တောကန်အုပ်ချုပ်ရေးမှူးကို အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးစေ ချင်တယ်။ သူ့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုဆီကို ပြန်လည်အကြောင်းကြားဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်” ဟု စစ်တွေမြို့နယ် င/တောက်တက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။

အောက်တိုဘာ ၃ ရက်နေ့လည်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုသည် တောကန်ကျေးရွာအတွင်း ဝင်ရောက်လာကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ယင်းသို့စစ်ဆေးမှုများပြုလုပ်ပြီး ပြန်သွားစဉ် တောကန်အုပ်ချုပ်ရေးမှူးဦးသန်းကျော်လှိုင်ကိုပါ ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့ကာ မည်သည့်အကြောင်းကြောင့် ခေါ်ဆောင်သွားသည်ကိုမူ မသိရှိကြောင်း ဇနီးဖြစ်သူ ဒေါ်သူဇာကပြောသည်။

“မြောက်ဦးဘက်တွေမှာ အုပ်ချုပ်ရေးမှူးတွေကိုဖမ်းဆီးတယ်၊သတ်တယ်။ ဒီလိုမျိုးတွေရှိတယ်။ ကျွန်မတို့ဘက်မှာ မရှိသေးဘူး။ အခုက ကျွန်မယောက်ျားကို ဖမ်းထားပြီး တစ်ခုခုလုပ်မှာကို စိုးရိမ်တယ်။ ကျွန်မယောင်္ကျားမှာ ဘာအမှားမှလည်း လုပ်လို့မရှိဘူး။ ဘယ်ရာဇဝင်မှလည်းမရှိဘူး” ဟု ၎င်းကပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတွင် အပြစ်ရှိပါက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားပြီး ရဲစခန်း၌ခေါ်ယူစစ်ဆေးသင့်ကြောင်း စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက ပြောဆိုသည်။

“ကျွန်တော်တို့အုပ်ချုပ်ရေးမှူးတွေမှာ အပြစ်ရှိတယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးဆီကို အကြောင်း ကြားပြီးတော့ ရဲစခန်းခေါ်ပါ။ စစ်ဆေးမှာလား၊ မေးမြန်းမှာလား တကယ်လို့ သက်သေအထောက်အထားတွေနဲ့ ပြနိုင်ရင်အပြစ်ပေးပို့။ အခုကဘာမှမဟုတ်ပဲ မေးစရာရှိတယ်ဆိုပြီးတော့ခေါ်သွားတယ်။ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရ၊ တစ်ခြားသူတွေနဲ့လည်း အဆက်အသွယ်မရဆိုတော့ အကုန်လုံးကစိုးရိမ်ပူပန်မှုတွေဖြစ်ကြာ တာပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်ထိ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ နေအိမ်သို့ပြန်ရောက်ခြင်းမရှိသေးအပြင် မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မေလ ၃၀ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရွာသစ်ကေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို AA နှင့်ဆက်နွယ်သည်ဟု သံသယဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

ယင်းအပြင် ဇွန်လ ၃ ရက်နေ့တွင်လည်း မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(ခ) တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထိုသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၃)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားသဖြင့် မြေပုံမြို့နယ်အတွင်းမှ ကျန်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆၈ ဦးတို့မှာ လုံခြုံမှုမရှိဟုဆိုကာ ဇွန်လ ၅ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ နှုတ်ထွက်စာတင်ခဲ့ကြသည်။

ဗီဒီယိုများ