AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ် ၁၀ ဦးထဲမှ ၆ ဦးကို အာမခံဖြင့်ပြန်လွှတ်

ဇူလိုင်လ ၂၈ ရက်နေ့က တပ်မတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါဖမ်းဆီးထားသည့် လူငယ်များထဲမှ (၈) ဦးမှာ ကျောက်တော်မြို့နယ် ပေါက်တောပလောင်ကျေးရွာမှတစ်ဆင့် AA အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရသူများဖြစ်ကြောင်း ပါရှိသည်။ 

By ခိုင်ရိုးလ 17 Aug 2019

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ (၈) ဦးကို ဇူလိုင်လ ၂၈ ရက်နေ့ တပ်မတော်ထုတ်ပြန်ချက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သြဂုတ် ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် AA နှင့်ဆက်နွယ်သည်ဟုဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ် ၁၀ ဦးထဲမှ ၆ ဦးကို သြဂုတ်လ ၁၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ သိရသည်။

“လွှတ်ပေးတာမဟုတ်ပါဘူးဗျာ၊ ကျနော်တို့က သူတို့မိဘတွေထံ ပြန်အပ်ပေးထားလိုက်တာ။ အာမခံနဲ့လွှတ်ပေးထားတာ” ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်အေးက ပြောသည်။
၎င်းလူငယ် ၁၀ ဦးမှာ ဇူလိုင်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထိုသို့ဖမ်းဆီးစဉ် လူငယ် ၁၀ ဦးစီးနင်းလာသည့်ကားမှ ယာဉ်မောင်းတစ်ဦးလည်း ပါဝင်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် လူငယ် ၁၀ ဦးတို့မှာ အသက် ၁၅ နှစ်မှ အသက် ၂၃ နှစ်အတွင်းရှိသည့် လူငယ်များဖြစ်ကြပြီး ၎င်းတို့စီးနင်းလာသည့်ကားကို မသင်္ကာ၍ ရဲတပ်ဖွဲ့ကတားဆီးကာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယခုလွတ်မြောက်လာသည့် လူငယ် ၆ ဦးကို မိသားစုဝင် ၂ ဦးစီမှ အာမခံပေးခဲ့ရကြောင်း လွတ်မြောက်လာသည့် မောင်သိန်းသန်းဦး၏မိခင် ဒေါ်မေသန်းရီက ပြောသည်။

“ အာမခံနဲ့လွှတ်ပေးလိုက်တာ ပုဏ္ဏားကျွန်းရဲစခန်းကပါ။ ကျမနဲ့ နောက်တစ်ယောက်အာမခံချက်နဲ့ပါ။ နောက် (၂၃)ရက်နေ့ ရုံးချိန်းခေါ်တဲ့အခါ လာရမယ်လို့ပြောပါတယ်။ အိမ်နဲ့အာမခံခဲ့တာပါ။ အိမ်က သိန်း(၉၀)တန်ပါတယ်” ဟု ဒေါ်မေသန်းရီက ပြောသည်။

အာမခံဖြင့်လွတ်မြောက်လာသူများမှာ အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်ပြီး မြေပုံမြို့နယ် ယောချောင်းရွာနှင့် သာယာကျေးရွာ၊ မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာ၊ ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနှင့် ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာတို့မှ ဖြစ်ကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့က တပ်မတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါဖမ်းဆီးထားသည့် လူငယ်များထဲမှ (၈) ဦးမှာ ကျောက်တော်မြို့နယ် ပေါက်တောပလောင်ကျေးရွာမှတစ်ဆင့် AA အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရသူများဖြစ်ကြောင်း ပါရှိသည်။

ယခုကဲ့သို့ တပ်မတော်၏ထုတ်ပြန်ချက်သည် စွပ်စွဲချက်သာဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“ဒါက သူတို့စွပ်စွဲသလို လုံးဝမဟုတ်ဘူး။ အဲဒီလူငယ်တွေက ကျနော်တို့နဲ့ပတ်သက်မှုမရှိဘူး။ ဒါဟာ ရခိုင်လူငယ်တွေကို လွတ်လပ်စွာခရီးသွားလာခွင့်ကို အများကြီးပိတ်ပင်နေသလို အခုဆိုရင် ရခိုင်ပြည်သူတွေဟာ ကိုယ့်အိမ်မှာကိုယ်နေလို့တောင် မလုံခြုံတဲ့အနေအထားကို ရောက်နေပြီ” ဟု ခိုင်သုခက ဆိုသည်။

လာမည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာမခံဖြင့်လွတ်မြောက်လာသူ ၆ ဦးနှင့် ချုပ်ရမန်ယူစစ်ဆေးခံနေရသည့် ကျန်လူငယ် ၄ ဦးတို့ကိုရုံးထုတ်မည်ဖြစ်ပြီး ယာဉ်မောင်းမှာမူ လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ချုပ်ရမန်ယူစစ်ဆေးခံနေရသူများမှာ မြေပုံမြို့နယ်မှ ဇော်ဝင်းနိုင်၊ ကျော်ဆန်းဝင်း၊ ပေါက်တောမြို့နယ်မှ မောင်သန်းထွန်းနှင့် ရသေ့တောင်မြို့နယ်မှ နိုင်လင်းထွန်းတို့ ဖြစ်ကြသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “သူတို့ကိုတရားမစွဲသေးဘူး။ အာမခံပေးလိုက်တာ။ မိဘတွေကိုအပ်တယ်။ သူတို့ ၆ ဦးဟာ လက်ရှိချုပ်ထားတဲ့ ၄ ဦးနဲ့အတူ ရုံးတက်ရအုံးမယ်။ ကျန်တဲ့ ၄ ဦးကိုလည်း တရားမစွဲသေးဘူး။ စစ်ဆေးနေတုန်း ရမန်ယူထားတာ” ဟု ပြောသည်။

ဗီဒီယိုများ