အရပ်သားအစိုးရ ဖြုတ်ချခံရပြီး ၆ လခွဲအတွင်း သေဆုံးသူ ၁၀၀၀ ပြည့်ပြီဟု အေအေပီပီပြော

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် သေဆုံးရသူစုစုပေါင်းသည် သြဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ၁၀၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအေပီပီ၏ ပြောကြားချက်အရ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

18 Aug 2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏ နာရေးအခမ်းအနား။ (ဓာတ်ပုံ - Getty Images)

DMG ၊ သြဂုတ် ၁၈

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် သေဆုံးရသူစုစုပေါင်းသည် သြဂုတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ၁၀၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအေပီပီ၏ ပြောကြားချက်အရ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ချိန်တည်းက မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် သေဆုံးရသူစာရင်းကို တောက်လျှောက် မှတ်တမ်းတင်နေသော အဖွဲ့ဖြစ်သည်။

ယခုအချက်အလက်နှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ်အား ရိုက်တာသတင်းဌာနဘက်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
အေအေပီပီက ထုတ်ပြန်သော အချက်အလက်များသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ကြောင်း မြန်မာစစ်တပ်ဘက်က ပြောကြားထားသည်။

အသတ်ခံရသူ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း အများအပြား ရှိကြောင်းလည်း စစ်တပ်ဘက်က ပြောကြားမှုများရှိသည်။

အေအေပီပီ၏ ကျဆုံးစာရင်းတွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ။

“အေအေပီပီရဲ့ မှတ်တမ်းတွေအရဆိုရင် သေဆုံးတဲ့ အပြစ်မဲ့ပြည်သူ ၁၀၀၁ ဦးရှိနေပါပြီ” ဟု အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ရိုက်တာသတင်းဌာနကို ပြောကြားသည်။“အမှန်တကယ် ကျဆုံးစာရင်းကတော့ ခုထက် ပိုများနိုင်ပါတယ်” ဟုလည်း သူကပြောသည်။

မြန်မာစစ်တပ်ဘက်ကမူ အာဏာသိမ်းသည်ဆိုသော အသုံးအနှုန်းကို လက်မခံပေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာလွှဲပြောင်း ရယူခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြားထားသည်။

ဖေဖော်ဝါရီလမှ သြဂုတ်လအထိ ၆ လကျော်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသူ ၇၃၂၀ ဦးရှိပြီး ၅၇၁၂ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း အေအေပီပီ၏ သြဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောင်ဒဏ်ချမှတ်ခံထားရသူပေါင်း ၂၅၅ ဦးရှိပြီး ၎င်းတို့အနက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်ဟု အေအေပီပီက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထိုအချိန်မှစတင်၍ နိုင်ငံတစ်ဝန်း နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြပွဲများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သေစေလောက်သည်အထိ အင်အားသုံးနှိမ်နင်းမှုများ ရှိလာခဲ့ပြီးနောက် ဆန္ဒပြမှုများသည်လည်း ရရာလက်နက်များဖြင့် ခုခံတော်လှန်သည့်ဘက်သို့ တဖြည်းဖြည်း အသွင်ပြောင်းခဲ့သလို ဒေသအများအပြားတွင်လည်း ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းကာ မြန်မာစစ်တပ်ကို ပြန်လည် တိုက်ခိုက်မှုများ ရှိခဲ့သည်။

နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် တပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သလို မြန်မာ့စီးပွားရေးသည်လည်း အကြီးအကျယ် ထိခိုက်ကျဆင်းလျှက်ရှိသည်။

ဖြုတ်ချခံရသော အရပ်သားအစိုးရအဖွဲ့တွင် ပါဝင်သည့် NLD လွှတ်တော်အမတ် အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် မြန်မာစစ်တပ်ကို ဆန့်ကျင်လှုပ်ရှားနေကြသော အဖွဲ့အစည်းများအား စုပေါင်း၍ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက်တွင် NUG အစိုးရသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ဗီဒီယိုများ