AA နှင့်ဆက်စပ်ပြီး တရားစွဲခံထားရသည့် ပုဏ္ဏားကျွန်းဒေသခံနှစ်ဦး ထောင်သုံးနှစ်ချမှတ်ခံရ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။

20 Jul 2022

စစ်တွေခရိုင်တရားရုံးအား ယနေ့တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၀

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို ယနေ့(ဇူလိုင်လ ၂၀ ရက်)တွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။

“အိုင်ဒင်ကလူတွေကို ဒီနေ့အမိန့်ချတယ်။ သူတို့ကို အကြမ်းဖက်ဥပဒေပုဒ်မ- ၅၂(က)အရ ထောင်ဒဏ် ၃ နှစ်ချတယ်။ သူတို့ကို စပြီးဖမ်းဆီးတဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ဒီနေ့အထိကိုချုပ်ရက်ကို ထုတ်နုတ်ခံစားရမယ်။ ကျန်တဲ့ရက်တွေကိုပဲ သူတို့ကအကျခံရမှာ”ဟု အမှုလိုက်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုနေလင်းဌေး(၂၅ နှစ်)နှင့် ဦးမောင်စောအေး (ခေါ်) မျိုးမင်းထွန်း (၃၂ နှစ်)တို့ဖြစ်သည်။ ၎င်းတို့ကို မြန်မာစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ၅၂(က)ဖြင့် ထောင်ဒစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် မိသားစုဝင်နှစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နေလင်းဌေး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သော်လည်း မောင်စောအေးမှာ ဦးခေါင်းတွင် အနာရနေသဖြင့် စိုးရိမ်မိသည်ဟု မိသားစုဝင်ကပြောသည်။

“၆ လကျော်လောက် အထဲမှာ နေရဦးမယ်ထင်တယ်။ သူဟာ လယ်သမားတော့မှန်တယ်။ ဒါပေမဲ့ AA ကို ထောက်ပံ့မှုကိစ္စနဲ့ ဆိုပြီး ချလိုက်တာ။ မြေးအကြောင်းတော့ မသိဘူး။ ကျွန်တော့်သားတော့ အမှန်တကယ် ရိုးရိုးသားသား လုပ်စားနေတာ။ ငါ့သားမှာ ဘာမှအပြစ်မရှိဘူး။ မောင်စောအေးမှာ ခေါင်းမှာအနာဖြစ်နေတယ်။ ဆရာဝန်က အသားမစားနဲ့ပြောထားတယ်တဲ့။ ဒီနေ့ နာရီဝက်လောက် သူတို့နဲ့ထိုင်ပြီး စကားပြောခဲ့ရတယ်”ဟု မောင်စောအေး၏ ဖခင်ဖြစ်သူကဆိုသည်။

၎င်းတို့နှစ်ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့က စစ်တွေမှ ပုဏ္ဏားကျွန်းသို့ ဆိုင်ကယ်ဖြင့်အပြန်တွင် ကျောက်တန်းစစ်ဆေးဂိတ်၌ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမှတ်(၉၀၈) စစ်တွေမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျနေကြသည်။

ဗီဒီယိုများ