စစ်တွေဈေးသစ်တွင် မိုးယိုသည့်နေရာများကို မိုးရာသီမတိုင်ခင် ပြုပြင်ရန်လိုအပ်

စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း(BXT)တွင် တည်ဆောက်ထားသည့် ဈေးသစ်တွင် မိုးယိုစိမ့်မှုများဖြစ်ပေါ်နေသဖြင့် မိုးရာသီမတိုင်မီ ပြုပြင်ရန်လိုအပ်သည်ဟု ဈေးရောင်းချသူများက ပြောဆိုကြသည်။

02 May 2022

DMG ၊ မေ ၂

စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း(BXT)တွင် တည်ဆောက်ထားသည့် ဈေးသစ်တွင် မိုးယိုစိမ့်မှုများဖြစ်ပေါ်နေသဖြင့် မိုးရာသီမတိုင်မီ ပြုပြင်ရန်လိုအပ်သည်ဟု ဈေးရောင်းချသူများက ပြောဆိုကြသည်။

မိုးရွာလျှင် ခေါင်မိုးပေါ်ရှိရေဆင်းပိုက်မှ မိုးရေယိုစိမ့်မှုဖြစ်ပေါ်သဖြင့် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အခက်တွေ့နေကြသည်။ ထို့ကြောင့် မိုးရေများမှာ ဆိုင်ခန်းအောက်ပစ္စည်းသိုလှောင်ခန်းများသို့ ဝင်ရောက်ကာ ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုများလည်းရှိနေသည်ဟု ဆိုကြသည်။

“ဆောင်းရာသီမှာတောင် နှင်းရေတွေယိုကျနေတာ။ မနက်ကလည်း မိုးဆယ်မိနစ်လောက်ရွာတာမှာ လမ်းတစ်လျှောက် အကုန်ရေပြည့်သွားလို့ ပစ္စည်းတွေမခင်းနိုင်ဘူး။ မိုးရာသီရောက်လို့ မိုးခဏခဏရွာရင်တော့ ဆိုင်ဖွင့်ဈေးရောင်းလို့တောင်ရမှာမဟုတ်လောက်ဘူး။ ညဘက်လူမရှိတဲ့အချိန်မှာဆို မိုးရွာချရင် သိုလှောင်ခန်းထဲက အထည်တွေရေစိုပြီး အကုန်ဆုံးရှုံးကုန်မှာ”ဟု အထည်ဆိုင်ရောင်းချနေသည့် မနုနုလှိုင်က DMG သို့ပြောသည်။

ယင်းအပြင် ဈေးရုံဘေးရှိရေမြောင်းများမှာလည်း ရေဆင်းပေါက်မရှိဘဲ ရေမြောင်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည်။ ရေမြောင်းမှာ ဈေးအိမ်သာမိလ္လာတွင်းနှင့်ဆက်ထားသောကြောင့် ရေမြောင်းအတွင်းမှ မိလ္လာအနံ့ဆိုးများထွက်နေပြီး ဈေးသည်များနှင့် ဈေးဝယ်သူများအတွက် အနှောက်အယှက်များဖြစ်နေကြောင်း ဈေးရောင်းချသူ မဝင်းဝင်းကပြောသည်။

“ရေမြောင်းမှာ ရေဆင်းပေါက်ကပိတ်နေတော့ မိုးရွာရင် ရေတွေမဆင်းနိုင်ဘဲ ရေတွေဝပ်နေရော။ ပြီးတော့ ရေမြောင်းက အိမ်သာမိလ္လာနဲ့ဆက်ထားတော့ ရေမြောင်းထဲက မိလ္လာအနံ့တွေထွက်တော့ မနေနိုင်ဘူး။ ဈေးလာဝယ်တဲ့သူတွေကလည်း ရေတွေကိုနင်းလာရမယ်ဆိုတော့ မဝယ်ချင်ကြတော့ဘူးလေ။ ရေမြောင်းကို ရေသေချာဆင်းအောင် လုပ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့မိုးရေယိုစိမ့်နေမှုများအား ပြုပြင်ပေးရန်ဈေး စည်ပင်ရုံးသို့သွားရောက်တင်ပြရာ ခေါင်မိုးပေါ်တွင် အပေါက်များဖြစ်နေမှုအား ဓာတ်ပုံမှတ်တမ်းယူသွားရုံမှအပ တစ်စုံတစ်ရာပြောဆိုသွားခြင်းမရှိကြောင်း ဈေးသည်များကဆိုသည်။

ထို့ကြောင့် ဈေးရုံခေါင်းမိုးမှ ရေယိုစိမ့်နေမှုနှင့် ရေမြောင်းပိတ်ဆို့နေမှုများအတွက် စီစဉ်ဆောင်ရွက်နေမှုများအား ဈေးစည်ပင်မှ ဒုဦးစီးမှူး ဦးစောဖြူအား DMG မ ှဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ