အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အသက်မပြည့်ကလေးငယ်ကို မြောက်ဦးကလေးသူငယ်တရားရုံးသို့ ပြောင်းရွှေ့

မောင်စိုးမိုးကျော်အား တရားစွဲဆိုထားသည့်အမှုတွဲတွင် ၎င်း၏အသက်ကို ၁၉ နှစ်ဟု ဖော်ပြထားသည်။ သို့သော် မောင်စိုးမိုးကျော်၏ အသက်မှာ ၁၆ နှစ်သာရှိသေးသည့်အတွက် စစ်တွေခရိုင်တရားရုံးမှ မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးရန် ရှေ့နေများက တင်ပြခဲ့ခြင်းဖြစ်သည်။

16 Aug 2019

မောင်စိုးမိုးကျော်မှာ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ယခုဆိုလျှင် ဖမ်းဆီးတရားစွဲဆိုထားသည်မှာ ၅ လခန့် ကြာမြင့်လာပြီဖြစ်သည်။

မင်းထွန်း | DMG
သြဂုတ် ၁၆ ၊ စစ်တွေ

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်က လက္ကာကျေးရွာသား ၂၀ ကျော်ထဲတွင်ပါဝင်သည့် အသက်(၁၈)နှစ်မပြည့်သေးသော မောင်စိုးမိုးကျော်ကို မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးရန် စစ်တွေခရိုင်တရားရုံးက သြဂုတ်လ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်သည်။

မောင်စိုးမိုးကျော်အား တရားစွဲဆိုထားသည့်အမှုတွဲတွင် ၎င်း၏အသက်ကို ၁၉ နှစ်ဟု ဖော်ပြထားသည်။ သို့သော် မောင်စိုးမိုးကျော်၏ အသက်မှာ ၁၆ နှစ်သာရှိသေးသည့်အတွက် စစ်တွေခရိုင်တရားရုံးမှ မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးရန် ရှေ့နေများက တင်ပြခဲ့ခြင်းဖြစ်သည်။

“မောင်စိုးမိုးကျော် (ခေါ်)ဝိုင်းဝိုင်းဆိုတဲ့ကလေးက ကလေးသူငယ် ဥပဒေဆိုင်ရာအခွင့်အရေးအရ ကလေးသူငယ်အဖြစ်စီစစ်ရန် လျှောက်ထားခဲ့တယ်ပေါ့နော်။ အဲဒီအပေါ်မှာ ကလေးသူငယ်အဖြစ် အမိန့်ချမှတ်တယ်။ ဒါကြောင့်မို့ ကလေးသူငယ်တရားရုံး မြောက်ဦးမြို့နယ်တရားရုံးကို ရွှေ့ပြောင်းမှာဖြစ်ပါတယ်” ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဒေါ်မေသက်ခိုင်က ပြောသည်။

ထိုသို့ ရုံးပြောင်းစစ်ဆေးမည်ဖြစ်သဖြင့် မောင်စိုးမိုးကျော်အား စစ်တွေအကျဉ်းထောင်မှ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးပြီး မြောက်ဦးမြို့ကို ထပ်ဆင့်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်စိုးမိုးကျော်မှာ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ယခုဆိုလျှင် ဖမ်းဆီးတရားစွဲဆိုထားသည်မှာ ၅ လခန့် ကြာမြင့်လာပြီဖြစ်သဖြင့် ၎င်း၏ ပညာရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ဒီကလေးကို လေး၊ ငါးလချုပ်ထားတာဆိုတော့ ကျောင်းတွေတအားနောက်ကျသွားပြီ။ သူ့အခြေအနေနဲ့ လိုက်လို့မမီတော့ဘူး။ ငါးလအတိုးအတွင်းမှာ စာတွေဘာတွေကျက်မယ်ဆိုရင်လည်း သူက မျက်စိတွေ၊ အာရုံကြောတွေနဲ့ အဆုတ်တွေမကောင်းဘူး။ နေပူဒဏ်တွေ မခံနိုင်ဘူးပြောတယ်” ဟု မိခင်ဒေါ်ခိုင်ရွှေသန်းက ပြောသည်။

ယခုနှစ် ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ်က လက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်ကြောရေးကာလအတွင်း သုံးဦးသေဆုံးသွားခဲ့သည်။

ကျန်ရှိသည့် ၂၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုထားပြီး လက်ရှိမှာ မောင်စိုးမိုးကျော်ကို မြောက်ဦးကလေးသူငယ်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးသွားမည်ဖြစ်ကာ ကျန် ၂၃ ဦးအား စစ်တွေခရိုင်တရားရုံးတွင် သြဂုတ်လ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဗီဒီယိုများ