ရခိုင်က ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ လေယာဉ်ဖြင့်ပို့ပြီ

ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်လူနာများနှင့် Quarantine ဝင်ထားသူများ၏ နှာခေါင်း၊အာခေါင် တို့ဖတ်နမူနာ (၂၀) ခုကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့က လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By မင်းထွန်း 23 Apr 2020

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory)၊ (ဓာတ်ပုံ-MOI)

မင်းထွန်း | DMG
ဧပြီ ၂၃ ၊ စစ်တွေ

ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်လူနာများနှင့် Quarantine ဝင်ထားသူများ၏ နှာခေါင်း၊အာခေါင် တို့ဖတ်နမူနာ (၂၀) ခုကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့က လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူများ၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ပို့ရန်သွားသည့် WHO ပိုင်သည့် UN တံဆိပ်ပါကားသည် ဧပြီလ ၂၀ ရက်နေ့က မင်းပြားမြို့နယ်တွင် လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရပြီး ပို့ဆောင်သူ ဝန်ထမ်းတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။ ထို့နောက်တွင် ထိုသို့ကဲ့ ထပ်မံမဖြစ်ပွားစေရန်အတွက် လေယာဉ်ဖြင့် တင်ပို့သည့်အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။

ယနေ့ ပို့ဆောင်လိုက်သည့် ဓာတ်ခွဲနမူနာ (၂၀)ခုတွင် ပေါက်တော၊ ကျောက်တော်နှင့် စစ်တွေမြို့မှ စောင့်ကြည့်လူနာသုံးဦး၏ ဓာတ်ခွဲနမူနာသုံးခုပါဝင်ပြီး ကျန်နမူနာများမှာ မြို့နယ်အသီးသီးတွင် Quarantine ဝင်ထားသည့် နမူနာများဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“အခု ( ၂၀ ) ပို့လိုက်ပြီ။ ရခိုင်ပြည်နယ်က ပေါက်တော၊ ကျောက်တော်၊ စစ်တွေရယ်ပေါ့။ အဲဒီသုံးခုက ဆေးရုံ တွေက စောင့်ကြည့်လူနာသုံးယောက်။ ကျန်တဲ့ (၁၇)ခုက မြို့နယ်တွေမှာရှိတဲ့ Quarantine Center တွေက လူတွေရဲ့ နမူနာ” ဟု ၎င်းက ဆိုသည်။

ပို့ဆောင်လိုက်သည့် ဓာတ်ခွဲနမူနာများ၏ စစ်ဆေးချက်အဖြေကို ယနေ့(သို့မဟုတ်)မနက်ဖြန်ရနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၂၇) ဦးအထိ ရှိလာကာ သေဆုံးသူ (၅)ဦး ရှိပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူလက်ရှိအချိန်ထိ မရှိသေးသော်လည်း ထိုရောဂါအန္တရာယ်ကို ပြည်သူများ ကြောက်လန့်နေကြသည်။

တစ်ဖက်တွင် ပြည်နယ်တွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ကြောင့် ပြည်သူတစ်သိန်းငါးသောင်းကျော် အိုးအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။ ယင်းဒေသက ပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ထက် တိုက်ပွဲများကြောင့် အသက်အန္တရာယ်ကို ထိခိုက်မည်ကို စိုးရိမ်၍ အသက်လုပြီး ထွက်ပြေးနေရပြန်သည်။

ရခိုင်နှင့် ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု အရေအတွက် မြင့်တက်လာနေသလို တစ်ဖက်တွင်လည်း ကမ္ဘာ့ကူးစက်ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုများကို လက်လှမ်းမီရရှိရန်နှင့် လိုအပ်သောအကူအညီများ လူထုအတွင်း ရောက်ရှိစေရန် အဟန့်အတားများ ဖြစ်နေသည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာအဖွဲ့ အစည်း (၁၆)ခုက ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်။

ဗီဒီယိုများ