ရခိုင်လွှတ်တော်မှ အတည်ပြုလိုက်သည့် အဆိုများကို အစိုးရက အကောင်အထည်ဖော်ဆောင်မှု မတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်

ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုနိုင်ခဲ့သည့် အဆိုများကို သက်ဆိုင်ရာအစိုးရက အကောင်အထည်ဖော်ဆောင်မှု အားနည်းခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

By မင်းထွန်း 17 Jul 2020

မင်းထွန်း | DMG
ဇူလိုင် ၁၇ ၊ စစ်တွေ            

ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုနိုင်ခဲ့သည့် အဆိုများကို သက်ဆိုင်ရာအစိုးရက အကောင်အထည်ဖော်ဆောင်မှု အားနည်းခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အတည်ပြုနိုင်ခဲ့သည့် အဆို(၆၅)ခုရှိခဲ့ရာ အစိုးရဖက်မှ အဆို(၃၃)ခုကိုသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း အကြောင်းပြန်လာသည်ဟု ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

“သူတို့(အစိုးရ)ပြန်ကြားတဲ့ အဆို (၃၃)ခုစလုံးကို ကြည့်မယ်ဆိုရင်တော့ တော်တော်အားရစရာမရှိပါဘူး။ ဥပမာအနေနဲ့ဆိုရင် ရခိုင်ကမ်းရိုးတန်းမှာ ငါး၊ပုဇွန်တွေ ပြုန်းတီးမှုဖြစ်လာတဲ့အတွက် ကမ်းနီး၊ကမ်းဝေး ငါးဖမ်းလှေတွေကို စည်းကမ်းနဲ့အညီ ဆောင်ရွက်ပေးပါဆိုတာတောင်မှ မဆောင်ရွက်ပေးနိုင်ဘူး။ ဒါက အသေးမွှားတစ်ခုပဲ ရှိသေးတာ။ သူတို့က စာနဲ့ပဲပြန်ကြားတာ၊ လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ဘူး”ဟု ၎င်းကဆိုသည်။

ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည့်အဆိုများသည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများကို အကျိုးပြုစေမည့် အဆိုများသာဖြစ်ကြောင်း ဦးမြသန်းက ဆက်၍ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ကျွန်တော်တို့ ရခိုင်ပြည်နယ် လွှတ်တော်က တင်သွင်းခဲ့တဲ့၊ အတည်ပြုခဲ့တဲ့အဆိုတွေဟာ ဒီနေ့ထိ အစိုးရက ထိထိရောက်ရောက် လေးလေး နက်နက်နဲ့ ဆောင်ရွက်ပေးတဲ့အဆိုတစ်ခုကို လက်ညိုးထိုးပြပါဆိုရင်  ထိုးပြလို့ရတဲ့အဆို ဘာတစ်မှမရှိဘူးလို့ ပြောလို့ရတယ်” ဟု ဆိုသည်။

ထို့အပြင် မိုးရာသီ စပါးစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် ကြိုတင် အစီအမံများကို ထိရောက်စွာဆောင်ရွက်ပေးရန် တင်သွင်းသည့်အဆိုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက မိုးရာသီ၌ ထွန်ယက်စိုက်ပျိုးနိုင်ရန် စီမံကိန်းမူကြမ်းများ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် လက်တွေ့တွင် ယင်းအဆိုမှာ အကောင်အထည်ပေါ်မလာကြောင်း အဆိုတင်သွင်းခဲ့သည့် မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ပြသည်။

“အစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့အပိုင်းကို ပြန်ဖြေတဲ့နေရာမှာ လုပ်ကိုင်နေတယ်လို့ပြောသာပြောတယ်။ တကယ်တမ်း လက်တွေ့ကျကျလုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားတွေ မတွေ့ရဘူး” ဟု ဦးအောင်ဝင်းက ဆိုသည်။

၎င်းအဆိုကို ဦးအောင်ဝင်းမှ ၂၀၂၀ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပြီး အစိုးရမှလည်း သဘောတူခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်ကမူ “ကတိကဝတ်နဲ့ပတ်သတ်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်တာ အများကြီးအားနည်းချက်ရှိတယ်။ ဘာလို့ဆိုရင် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အမြန်ဆုံး အကောင်အထည်ဖော်ရေးအဆိုကိုတင်တော့ အစိုးရက တစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ကတိကဝတ်ပြုခဲ့ပေးမယ့် ယခုအချိန်ထိ ဘာမှ လုပ်ဆောင်တာမရှိဘူး” ဟု ရှင်းပြသည်။

၂၀၁၆ ခုနှစ်ကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုရန် တင်သွင်းချက်ကို ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သော်လည်း ယင်းကော်မရှင်ကို ပြည်ထောင်စုအစိုးရကဖွဲ့စည်းလိုက်ခြင်းကြောင့် အဆိုမှာအရာမထင်ခဲ့ပေ။

ထို့ကြောင့် ပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်သည့်အဆိုများကို အကောင်အထည်မဖော်နိုင်ခြင်းသည် ဗဟိုချုပ်ကိုင်မှုများနှင့် ပြည်နယ်အစိုးရလုပ်ဆောင်ချက် အားနည်းမှုတို့ကြောင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ဗီဒီယိုများ