လတ်တလော Covid-19 ရောဂါကြောင့် ရခိုင်ပြည်နယ်က စာသင်ကျောင်းများကို ယာယီပိတ်

ရခိုင်ပြည်နယ်အတွင်းဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းများကို Covid-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ယာယီပိတ်သိမ်းလိုက်ကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

By ကျော်သူဌေး 22 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းများကို Covid-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ယာယီပိတ်သိမ်းလိုက်ကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုဌာန၏လမ်းညွန်ချက်ဖြင့်သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းမှကျောင်းများကို ယာယီပိတ်သိမ်းရန်ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

“Covid-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးအဖွဲ့ရုံးစာထွက်တယ်။ မနေ့က လူမှုရေးဝန်ကြီးက ဖုန်းဆက်တော့ ညချင်းပဲ ခရိုင်မှူး၊ မြို့နယ်မှူးတွေကို ချက်ချင်းဖုန်းဆက်ပြီးတော့ ဒီနေ့ကစလို့ကျောင်းတွေကို ယာယီပိတ်ထား လိုက်ပါလို့ညွှန်ကြားပြီးပြီ။ ရက်အကန့်အသတ်တော့မပါဘူး”ဟု ဦးတင်သိန်းက ဆိုသည်။

Covid-19 ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးမှ စာသင်ကျောင်း များကို ပုံမှန်ထက်နောက်ဆုတ်ဖွင့်လှစ်ခဲ့ရပြီး ရောဂါကာကွယ်ရေး အဆင့်သတ်မှတ်ချက်ပြည့်မီသည့် ကျောင်းများကိုသာ စာသင်ကြားခွင့်ပြုခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နေ့က ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ရခိုင်ပြည်နယ်အတွင်း၌ အထက်တန်းကျောင်းပေါင်း ၄၀၀ ကျောင်းရှိသည့်အနက် ၂၀၀ ကျော်ကိုသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။

သို့သော် ယခုလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ပိုးတွေ့ရှိသူ နေ့စဉ်တိုးလာနေသဖြင့် ဖွင့်လှစ်ထားသည့်ကျောင်းများကို ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့ရှိထားသူ (၄၅)ဦးအထိရှိနေပြီး စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ၄၄ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံတွင်တစ်ဦးတို့ ဆေးကုသမှုခံယူလျက်ရှိနေသည်။

ပို့တွေ့လူနာများမှာ ပြည်ပသို့ခရီးသွားရာဇဝင်မရှိကြသဖြင့် ပြည်တွင်းကူးစက်မှုအဖြစ် သတ်မှတ်ထားကြပြီး  ရက်ပိုင်းအတွင်းပိုးတွေ့ရှိသူ ၄၅ ဦးအထိ ရှိလာခြင်းဖြစ်သည်။

စစ်တွေမြို့နယ်အတွင်း ပိုးတွေ့လူနာများနေထိုင်ခဲ့သည့်လမ်းများကို အသွားအလာကန့်သတ်ခြင်း၊ မြို့မ ဈေးကြီးနှင့် စားသောက်များကိုကန့်သတ်ခြင်း၊ စစ်တွေမြို့မှ အခြားနေရာများသို့ ခရီးသွားလာမှုများကို ကန့်သတ်ထားခြင်းနှင့် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ