ရခိုင်ပင်လယ်ပြင်တွင် မြန်မာစစ်တပ်က လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်နှင့် မာန်အောင်မြို့နယ်တို့ရှိ နေရာလေးခုတွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က လက်နက်ကြီးစမ်းသပ်လေ့ကျင့်ပစ်ခတ်မည်ဟု သိရသည်။

19 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်နှင့် မာန်အောင်မြို့နယ်တို့ရှိ နေရာလေးခုတွင် ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က လက်နက်ကြီးစမ်းသပ်လေ့ကျင့်ပစ်ခတ်မည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်ရှိ နံ့သာကျွန်း၊ မေယုကျွန်းတို့တွင် ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)တွင် လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ဖြစ်ကာ မာန်အောင်ကျွန်း၊ ကျွန်းသာယာကျွန်းတို့တွင် (ဖေဖော်ဝါရီလ ၂၂ ရက်နေ့)၌ စမ်းသပ်ပစ်ခတ်မည်ဟု အကြောင်းကြားထားကြောင်း သိရသည်။  

ရသေ့တောင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီကျော်ခန့်က လက်နက်သံများ စတင်ကြားရကြောင်း၊ ထိုသို့လေ့ကျင့်ပစ်ခတ်မှုများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်စေလိုဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်ကပြောသည်။

“ကျနော်တို့ကို အကြောင်းကြားလာတာကတော့ လက်နက်ကြီး ပစ်ခတ်မယ်လို့တော့ပြောပါတယ်။ ဘယ်လိုလက်နက်မျိုးဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ ရသေ့တောင်မြို့နယ်အတွင်း မှာတော့ ဒီနေ့ ၁၀ နာရီခွဲလောက်က လက်နက်သံကြားရတယ်လို့တော့ ပြောကြပါတယ်။ ဒါကတော့ သူတို့လုပ်ရိုး၊လုပ်စဉ် အတိုင်းဖြစ်တဲ့အတွက် အများပြည်သူတွေအနေနဲ့လည်း အများကြီးစိုးရိမ်ထိတ်လန့်မှုမရှိဖို့ပြောချင်ပါတယ်“ဟု ၎င်းကဆိုသည်။

ထိုသို့လေ့ကျင့်ပစ်ခတ်မည့်အကြောင်းကို မြန်မာစစ်တပ်ဘက်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရက်စွဲဖြင့် အကြောင်းကြားလာခြင်းဖြစ်ပြီး လေ့ကျင့်ပစ်ခတ်နေချိန်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျွန်းနှင့်ရေပြင် ၁၀ မိုင်ခန့်ပတ်လည်တွင် စက်လှေ၊သင်္ဘောများ၊ ပြည်သူများ သွားလာမှုများမပြုလုပ်ကြရန် ညွှန်ကြားစာတွင်ပါဝင်သည်ဟု ဦးနိုင်လင်းထက်က ဆက်လက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည့်ကာလတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်နေခြင်းမှာ တိုက်ပွဲ တစ်ကျော့ပြန်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုမြင့်တက်စေသည်ဟု ရသေ့တောင်မြို့နယ် မင်းဖူးကျေရွာမှ ဦးဘသိန်းက DMG ကို ပြောသည်။

“ဒေသခံတွေအနေနဲ့တော့ အခုလိုကျွန်းနေရာတွေမှာ စမ်းသပ် ပစ်ခတ်တာတွေကို လုံးဝမကြိုက်ပါဘူး။ အခုစမ်းသပ်ပစ်ခတ်လာတယ်ဆိုတော့ ဒေသခံတွေ စိုးရိမ်စိတ်တွေဖြစ်လာတယ်။တည်တည်ငြိမ်ငြိမ်နဲ့နေကြတာတဲ့ကာလမှာ တိုက်ပွဲဖြစ်ပွားမှာကို အများကြီးစိုးရိမ်ပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ မာန်အောင်ကျွန်းနှင့် ကျွန်းသာယာတို့တွင်လည်း ဖေဖော်ဝါရီ ၂၂  ရက်နေ့တွင် လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ဖြစ်သည့်အတွက် အန္တရာယ်ကင်းရှင်းရေးအတွက် ရေလုပ်သားများအား ငါးဖမ်းမထွက်ရန်အသိပေးထားသည်ဟု မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အမြောက်တွေ စမ်းသပ်ပစ်ခတ်မှာဖြစ်တယ်။ ဒီမှာကတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ပစ်မယ်။ အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုပြီးတော့ ရေလုပ်သားတွေကို ငါးဖမ်းမထွက်ဖို့အသိပေးထားပါတယ်“ဟု ၎င်းကဆိုသည်။

ယခင်က လက်နက်ကြီးကျည်များစမ်းသပ်ပစ်ခတ်မည့်များအကြောင်းကို ဒေသခံများထံသို့ အကြောင်းကြားခြင်းရှိသော်လည်း ယခုပစ်ခတ်မည့်အကြောင်းကို အကြောင်းကြားထားခြင်းမရှိသေးဟု မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းသိန်းကပြောသည်။

“အရင်တုန်းကဆိုရင်တော့ လက်နက်ကြီးပစ်ခတ်မယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆီက အကြောင်းကြားပါတယ်။ အခုပစ်ခတ်မဲ့ကိစ္စကိုတော့ မသိရသေးပါဘူး။ လှေကတော့ထွက်နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် လက်နက်ကြီးပစ်ခတ်မယ်ဆိုရင် အကုန်လုံးသိအောင်အကြောင်းကြားစေချင်ပါတယ်။ ငါးဖမ်းလှေတွေထိခိုက်မှုမရှိအောင်ပေါ့“ဟု ၎င်းကဆိုသည်။

လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ