အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်အပိုင်းတစ်ခုသည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၁၀ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

By အောင်ကောင်းဇော် 28 Dec 2020



အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၂၈ ၊ မာန်အောင်

အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်အပိုင်းတစ်ခုသည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၁၀ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကောင်းကင်မှအလင်းတန်းကြီးတစ်ခုသည် သံတွဲမြို့နယ်၊ ငပလီမြို့၏ အနောက်တောင်ဖက် ပင်လယ်ထဲသို့ ကျသွားသည်ကိုတွေ့မြင်လိုက်ပြီး ပေါက်ကွဲသံများလည်း ကြားလိုက်ရကြောင်း ငပလီမြို့ ကမ်းခြေအနီးနေထိုင်သူ ဒေသခံ ကိုနီထွန်းက ဆိုသည်။

“အလင်းတန်းတစ်ခု မြောက်ဖက်ကဖြတ်လာပြီးတော့ အနောက်တောင်ဖက်ပင်လယ်ပြင်ထဲကိုကျသွားပြီး ပေါက်ကွဲသံ ၂ ချက်နဲ့အတူ တုန်ခါမှုတွေပါဖြစ်သွားတယ်၊ ငလီမြို့နဲ့ ခန့်မှန်းရေမိုင် ၃၀ အကွာလောက်ကို ကျသွားတာ၊ ထိခိုက်မှုတွေတော့မကြားရသေးဘူး” ဟု ကိုနီထွန်းက ပြောပြသည်။

အဆိုပါ အာကာသလွန်းပျံယာဉ်အပိုင်းအစ ကျရောက်မှုနှင့်ပတ်သက်၍ သံတွဲခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းသိန်းက “အခုအချိန်ထိတော့ ထိခိုက်မှုတွေ ရှိ၊ မရှိ အသေအရှာမသိရသေးဘူး” ဟု ဆိုသည်။

တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းများသည် ရခိုင်ပြည်နယ် မာန်အောင်လေဆိပ်၏ တောင်ဘက်ရေမိုင် (၄၅)မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၃)မိုင်ခန့်နှင့်  ပုသိမ် လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆၀)မိုင်ခန့် ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီ အချိန်၌ ကျရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ‌လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာ ၂၅ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားခဲ့သည်။

အာကာသလွန်းပျံယာဉ်မှ အပိုင်အစကျရောက်မည်ဖြစ်သည့်အတွက် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ချောင်းသာ၊ ဂွနှင့် သံတွဲဒေသအနောက်ဘက်ရှိ ရခိုင်နှင့် ဧရာဝတီငါးဖမ်းကွက်အတွင်းဖြစ်ပြီး ထိုနေရာများတွင် ရေယာဉ် ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ကမ်းဝေး၊ကမ်းနီးငါးဖမ်းရေယာဉ်များ၊ အပျော်စီးခရီးသွားရေယာဉ်များနှင့် စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းခြင်းမပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ