ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် ALD ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မရှိ

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိကြောင်း ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

By မင်းထွန်း 01 Aug 2020

မင်းထွန်း | DMG
သြဂုတ် ၁ ၊ စစ်တွေ

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိကြောင်း ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် ပါတီတည်ဆောက်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အခက်အခဲရှိသည့်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမရှိခြင်းဖြစ်သည်ဟု ဦးမျိုးကျော်ကဆိုသည်။

“အဲဒီနေရာတွေက ကျနော်တို့ပါတီ မှတ်ပုံတင်ကျတာနဲ့အတူ ပဋိပက္ခတွေလည်း ဖြစ်လာတယ်။ နောက်ပိုင်း တိုက်ပွဲတွေဖြစ်လာတယ်။ အဲဒီနေရာတွေမှာ စစ်ဘေးရှောင်ပြေးကြရတာတွေဖြစ်တယ်။ ဒီဘက်မှာ ပါတီလုပ်ငန်း တွေက ဘယ်လိုမှ ရှေ့တိုးလို့မရဘူးဖြစ်သွားတယ်။ အဲဒီတော့ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပါတီစည်းရုံးရေး လုပ်ဖို့၊ ပါတီတည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟု ၎င်းကပြောသည်။

ထို့အပြင် ပါတီတည်ဆောက်ထားသည့်မြို့နယ်များတွင် စည်းရုံးရေးအချိန်၌ မြို့နယ်တစ်ခုလုံးကို လွှမ်းခြုံ နိုင်သည့် အနေအထားမရှိခြင်းနှင့် ပါတီလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါ အားနည်းချက်များ ရှိသည့် အတွက်ကြောင့် ဖြစ်သည်ဟုလည်း ဦးမျိုးကျော်ကဆိုသည်။

သို့သော် ရခိုင်မြောက်ပိုင်းမှ ကျောက်တော်မြို့နယ်တစ်ခုတည်းတွင်သာ ALD ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှိသည်။

ALD ပါတီအနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မှုနည်းသော်လည်း တောင်ပိုင်းတွင်ရှိသည့် ကျောက်ဖြူခရိုင်အတွင်းမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့နယ်တို့နှင့် သံတွဲခရိုင်အတွင်းမှ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့တွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးမျိုးကျော်ကဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၇)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မဲဆန္ဒနယ်အမှတ်(၅)၊ (၆)၊ (၈)၊ (၉)၊ (၁၀) စသည့် နေရာ(၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက် နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၁၅)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန် ထားသည်။

အလားတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂၉)ခုတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ကျောက်တော်နှင့် မင်းပြားမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)နှင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း NLD ပါတီမှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ