UEC ၏ နိုင်ငံရေးပါတီတွေ့ဆုံပွဲသို့ ALD ပါတီ တက်ရောက်မည်မဟုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဒုတိယအကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

19 May 2021

DMG ၊ မေ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဒုတိယအကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအနေဖြင့် ကောင်စီနှင့် ဆက်စပ်သည့် မည်သည့်ကိစ္စကိုမဆို တက်ရောက်သွားမည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

“ကျနော်က အရင်ကတည်းက မတက်လို့ပြောပြီးသားပါ။ အရင်က ပွဲကို မတက်တာကို ဒုတိယပွဲကို တက်မှာလား၊ ကျနော်တို့ မတက်ဘူး ” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မနက်ဖြန် မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ပါတီတစ်ခုမှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ပါတီတာဝန်ရှိသူ တစ်ဦးကျစီ တက်ရောက်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပထမအကြိမ်ကျင်းပခဲ့သည့် လက်ရှိဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်သစ်မှ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် ကမ်းလှမ်းမူကို ရခိုင်ပြည်မှ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က တက်ရောက်ခဲ့ကြသည်။

သို့သော်လည်း ဒုတိယအကြိမ်ကို ရခိုင်အမျိုးသားပါတီအနေဖြင့် တက်ရောက်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖြေဆိုထားသည်။

DMG အနေဖြင့် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှနှင့် အတွင်းရေးမှူး ဦးခိုင်ပြည့်စိုးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယင်းအပြင် မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ ညိုနှိုင်းအစည်းအဝေးလုပ်တယ်လို့ သိရတယ်။ အဲဒီအစည်းအဝေးကို ကျနော်လည်း မရောက်ခဲ့ဘူး ” ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီမှာ ယင်းပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီချုပ်ရုံး၏ ကြေညာချက်အမှတ် (၁/၂၀၂၁) တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေးရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဗီဒီယိုများ