တိုက်ပွဲဖြစ်ပွားမှုမရှိသော ဒေသများတွင် ရွေးကောက်ပွဲမကျင်းပခြင်းသည် ရခိုင်လူထု၏ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေဟု ALD ပါတီဆို

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုမရှိသော ဒေသများတွင် ရွေးကောက်ပွဲမကျင်းပခြင်းသည် ဒေသခံ ပြည်သူလူထု၏ လွတ်လပ်စွာမဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)မှ ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

By မင်းထွန်း 20 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုမရှိသော ဒေသများတွင် ရွေးကောက်ပွဲမကျင်းပခြင်းသည် ဒေသခံ ပြည်သူလူထု၏ လွတ်လပ်စွာမဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)မှ ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းမည်ဖြစ်သော်လည်း ရခိုင်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့နယ်တချို့တွင် လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပခြင်းသည် ပြည်သူများ၏ မဲပေးခွင့်အခွင့်အရေးကို ဆုံးရှုံးစေကြောင်း ALD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချို့နေရာတွေက စစ်ပွဲဖြစ်လို့ ရွေးကောက်ပွဲမကျင်းပနိုင်ဆိုရင်လည်း တချို့နေရာတွေက လုံခြုံရေးအခြေ အနေဟာ ဆိုးဝါးမှုမရှိဘူးလို့ထင်တယ်။ ဥပမာပြောရမယ်ဆိုရင် ပေါက်တောမြို့နယ်မှာ တိုက်ပွဲလည်းမရှိဘူး၊ ဘာကြောင့်နဲ့ တိုက်ပွဲမရှိတဲ့နေရာကို လုံခြုံရေးအကြောင်းပြပြီးတော့ ရွေးကောက်ပွဲမကျင်းပဘူးလို့ သတ်မှတ်တာကို နားမလည်ဘူး။ ဒါကြောင့် အဲဒီကပြည်သူတွေအတွက် နစ်နာမှုရှိတယ်” ဟု ALD ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး (၉)မြို့နယ်တို့တွင် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိ သဖြင့် ရွေးကောက်ပွဲကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာခဲ့သည်။

ယင်းအထဲမှ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျန်သည့်မြို့နယ် (၇)မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေခြင်းဖြစ်သည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉) အုပ်စု၊ တောင်ကုတ်မြို့နယ်မှ ရပ်ကွက်(၁၀)ရပ်ကွက် ကျေးရွာအုပ်စု (၅၂) အုပ်စုနှင့် စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄)အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်  မဟုတ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးသူဦးရေ ၁၂ သိန်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက ပြည်သူ ၂၅ % ခန့်သာ မဲပေးခွင့်ရှိသည့်အတွက် ရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်ကို ကိုယ်စားပြုနိုင်ခြင်းမရှိ၍ ခွင့်တူညီမျှမည်မဟုတ်ကြောင်း ALD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကျင်းပခွင့်ပြုသည့်ဒေသများတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွက် ရွေးကောက်ပွဲအောင်နိုင်ရေး အခွင့်အရေးကို လမ်းခင်းပေး၍ ခွင့်တူညီမျှမည်မဟုတ်ကြောင်း ထုတ်ပြန် ထားသည်။

ထိုသို့ ခွင့်တူမညီမျှမှုများကြောင့် တရားမျှတမှုပျောက်ကွယ်ကာ ပဋိပက္ခသို့ ဦးတည်စေသဖြင့် စစ်ဘောင် ပိုကျယ်လာမည်ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့် ရခိုင်က ပြည်သူ လူထုများ၏ မဲပေးပိုင်ခွင့်ကိုရရှိရန် ဆောလျင်စွာ ကြေငြာချက်တစ်ရပ်ကို ပြန်လည်ထုတ်ပေးရန် တိုက်တွန်း ထားသည်။

ဗီဒီယိုများ