တပ်မတော်၏ အပစ်ရပ်ထုတ်ပြန်ချက်သည် လက်တွေ့အလုပ်မဖြစ်နိုင်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဆို

မြန်မာ့တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ထုတ်ပြန်ချက်သည် ဟန်ပြထုတ်ပြန်ချက်သာ ဖြစ်ကြောင်းနှင့် COVID-19 ထိန်းချုပ်ရေးအပါအဝင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်ဆိုင်းသွားရန် လက်တွေ့ အလုပ်မဖြစ်နိုင်သည့် ထုတ်ပြန်ချက်တစ်ခုသာဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က မေလ ၁၀ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

By မြတ်ဆွေ 12 May 2020

မြတ်ဆွေ | DMG
မေ ၁၂ ၊ စစ်တွေ

မြန်မာ့တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ထုတ်ပြန်ချက်သည် ဟန်ပြထုတ်ပြန်ချက်သာ ဖြစ်ကြောင်းနှင့် COVID-19 ထိန်းချုပ်ရေးအပါအဝင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်ဆိုင်းသွားရန် လက်တွေ့ အလုပ်မဖြစ်နိုင်သည့် ထုတ်ပြန်ချက်တစ်ခုသာဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က မေလ ၁၀ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရမှ ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့တွင် ကြေငြာခဲ့သဖြင့် တပ်မတော်မှ အပစ်ရပ်စဲထားရာတွင် AA ရှိရာ နေရာများမပါဝင်ပေ။

ယခုကဲ့သို့ ကြိုတင်ကန့်သတ်ချက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ထုတ်ပြန်ချက်မှာ အစိုးရစစ်တပ် တစ်ခု၏ လုပ်ပိုင်ခွင့်များကို အသုံးချ၍ ဆက်လက်ချေမှုန်းတိုက်ခိုက်နေမည့် မြန်မာ့တပ်မတော်၏ သဘောထား အမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

“မြန်မာ့တပ်မတော်က တစ်ဖက်ကိုရပ်ထားမယ်၊ တစ်ဖက်ကိုကျတော့ စစ်ရေးအရ ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်မယ် အဲဒီလိုမျိုးဖြစ်တယ်ပေါ့။ ရပ်မယ်ဆိုရင်လည်း အကုန်လုံးရပ်ထားဖို့လိုတယ်ပေါ့။ လက်တွေ့မြေပြင် မှာတော့ သဘာဝအတိုင်း ဆောင်ရွက်ပေးဖို့လိုတယ်။ မြေပြင်မှာ ထိုးစစ်တွေ မပြုလုပ်ဖို့လိုတာပေါ့” ဟု တအောန်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ဗိုလ်မှူးကြီး မိုင်အိုက်ကျော်က ပြောသည်။

ကမ္ဘာအနှံ့တွင် Covid-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံတွင်လည်း Covid-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် ယခုကဲ့သို့အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်ကဆိုသည်။

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည့်ထုတ်ပြန်ချက်၊ လုပ်ငန်းစဉ်များသည်လည်း အပေါ်ယံဟန်ပြသာ ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အပစ်ခတ်ရပ်စဲရေးမှာ AA မပါက အစိုးရ၏ COVID-19  ပူးပေါင်းဆောင်ရွက်ရေးသည် အလိုလိုပျက်ပြယ်သွားကြောင်း သုံးသပ်ပြောဆိုသည်။

“အစိုးရရဲ့ Covid-19 ပူးပေါင်းဆောင်ရွက်ရေးနဲ့ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာနဲ့ လက်ရှိ တပ်မတော်ငြိမ်းချမ်းရေးကြေညာချက်မှာ ပါနေတဲ့အချက်တွေက ပဋိပက္ခတွေဖြစ်ပွားနိုင်တယ်”ဟု ဦးမောင်မောင်စိုးက ဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့စတင်ပြီး ရခိုင်ဒေသတစ်ခုတည်းကို တသီးတသန့်ချန်လှပ်ထားကာ စစ်တိုင်းဒေသ(၅)ခု၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အကြိမ်ကြိမ်ကြေညာခဲ့ပြီး ညီနောင်မဟာမိတ်ဖြစ်သော ရက္ခိုင့်တပ်တော်အား ကြည်း၊ ရေ၊ လေ စစ်အင်အားပေါင်းစုံအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့အထိ ပြုလုပ်နေဆဲဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုထားသည်။

“မြန်မာ့တပ်မတော်က အရင်ကလည်းထုတ်ဖူးတယ်။ အခုလည်း ပြန်ထုတ်တယ်။ အဲဒီထုတ်ပြန်ချက်က အရင်ကထုတ်တာမှာလည်း ရခိုင်ဖက်မပါဘူးပေါ့။ အခုလည်းမပါဘူး။ စစ်ရေးကြေငြာတဲ့အချိန်ကျတော့လည်း AA မပါဘူးပေါ့။ ချန်ထားတယ်” ဟု ဗိုလ်မှူးကြီးမိုင်အိုက်ကျော်က ဆက်ပြောသည်။
C

OVID-19 ထိန်းချုပ်ရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်ရန်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့စတင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော် တို့မှ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကြိုတင်ကန့်သတ်ချက်မထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နှင့်အတူတကွ တစ်ပြိုင်နက်တည်းတွင် ပြုလုပ်ရန်လိုအပ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တိုက်တွန်းထားသည်။

ဗီဒီယိုများ