မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ရက်ပေါင်း ၃၀ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်

ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်အတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ရက်ပေါင်း ၃၀ (တစ်လတာ) တစ်ဖက်သတ် အပစ်အခတ်ရပ်တန့် သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

By အောင်ထိန် 09 Sep 2019

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ / ဓာတ်ပုံ - Twitter

အောင်ထိန် | DMG

စက်တင်ဘာ ၉ ၊ စစ်တွေ

ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်အတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ရက်ပေါင်း ၃၀ (တစ်လတာ) တစ်ဖက်သတ် အပစ်အခတ်ရပ်တန့် သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

မဟာမိတ်သုံးဖွဲ့ဖြစ်သော (TNLA)၊ (MNDAA)၊ (AA) တို့မှ တစ်ဖက်သတ်အပစ်ရပ်ကာလအဖြစ် စက်တင်ဘာ လ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ သတ်မှတ်ထားသည်။

သို့သော် တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက မိမိကိုယ်ကိုခုံခံကာကွယ်စစ်ဖြင့် တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ကျနော်တို့ဘက်က အပစ်ခတ်ရပ်ထားတာကို အခွင့်ရေးယူပြီးတော့ ကျနော်တို့ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်လာတာတွေ၊ နောက်ထိုးစစ်အတွက်ပြင်ဆင်တာတွေ၊ ရဟတ်ယာဉ်တွေနဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိလာရင်တော့ ကျနော်တို့က ကိုယ့်ကိုခုံခံကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ခိုက်သွားမယ်” ဟု ခိုင်သုခက ပြောသည်။

အပစ်ရပ်ဆိုင်းထားသည့်အချိန်တွင် မဟာမိတ်(၃) ဖွဲ့အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုသော်လည်း တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခတ်ခြင်း၊ ၎င်းတို့ဒေသမှာစစ်ဆင်ရေးလာလုပ်ခြင်း ၊ လက်နက်ကြီး အမြောက်များဖြင့် စုပြုံပစ်ခတ်ခြင်း၊ တိုက်လေယဉ် ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာပါက ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်ကလည်း စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်ကို စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးကာလအဖြစ် သက်တမ်းတိုးထားသည်။ ထိုသို့ အပစ်ရပ်ကြေငြာထားသည့် စစ်တိုင်း ၅ တိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့ ဖြစ်သည်။

တပ်မတော်မှ တစ်ဖက်သတ်အပစ်ရပ်ကြေငြာခဲ့သည်မှာ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ပထမ အကြိမ်၊ မေ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ ဒုတိယအကြိမ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ တတိယအကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။

သို့သော် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကို အပစ်အခတ်ရပ်စဲရန် ချန်လှပ်ထားဆဲဖြစ်ကြောင်း တွေ့ရသည်။

ဗီဒီယိုများ