AA မှ ဖမ်းဆီးထားသည့် ALP အရန်ဗဟိုကော်မတီဝင်ကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ အရန်ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးကို ရက္ခိုင့်တပ်တော်(ULA/AA)မှ ဖမ်းဆီးထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ALP က တောင်းဆိုလိုက်သည်။

09 Nov 2021

DMG ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ အရန်ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးကို ရက္ခိုင့်တပ်တော်(ULA/AA)မှ ဖမ်းဆီးထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ALP က တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံထားရသည့် ALP အရန်ကော်မတီဝင် ခိုင်အောင်သိန်းဌေးမှာ မြန်မာပြည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်၏ မြေယာနှင့်သဘာဝသယံဇာကဏ္ဍ တာဝန်ခံ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေးကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

၎င်းကို ၂၀၂၁ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ ဝါးကျိန်ပြင်စည်ပင်သာယာဘုရားကြီးတွင် စာပေယဉ်ကျေးမှုပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် Workshop တစ်ခုလုပ်ဆောင်နေစဉ် AA တပ်ဖွဲ့ဝင်များမှဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ALP ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

“ခိုင်အောင်သိန်းဌေးအနေနဲ့ ရက္ခိုင့်တပ်တော်အပေါ်မှာ ကျူးလွန်းတာတွေရှိရင် အထောက်အထားနဲ့ချပြပါ။ ကျွန်တော်တို့ပါတီကအရေးယူပေးမယ်။ ဒါပေမဲ့ AA ကို ကျွန်တော်တို့ ဆက်သွယ်ပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာမရှိဘူး။ အထောက်အထား ခိုင်လုံမှုမရှိရင်လည်း ပြန်လွှတ်ပေးသင့်ပြီလို့ ပြောချင်တယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

ခိုင်အောင်သိန်းဌေး ဖမ်းဆီးခံနေရသည်မှာ လက်ရှိတွင် အချိန်ရှစ်လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စကြောင့်ဖမ်းဆီးခံရသည်ကို ယနေ့အချိန်ထိမသိရသေးကြောင်း ဆိုသည်။

ULA/AA အနေဖြင့် ALP ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကိုဖမ်းဆီးခြင်းသည် အမျိုးသားရင်ကြားစေ့ရေးကို များစွာအဟန့်အတားဖြစ်စေပြီး တော်လှန်ရေးပါတီအချင်းချင်း စိတ်အနာတရဖြစ်စေခြင်းတို့ကိုမပြုလုပ်သင့်ကြောင်း ALP ပါတီက ဆိုသည်။

“ခိုင်အောင်သိန်းဌေးက အရန်ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်တယ်။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးမှာပါတယ်လေ။ ကျွန်တော်တို့က သူ့အတွက်စိုးရိမ်တယ်။ အမျိုးသားတော်လှန်ရေးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝေဖန်ထောက်ပြမှုတို့ရှိကြမယ်လေ။ ဒါပေမဲ့ အဲဒီအကြောင်းအရာတစ်ခုနဲ့ ဖမ်းဆီးထားတယ်ဆိုတာတော့ မသင့်တော်ဘူး။ ကြီးမားတဲ့ပြစ်မှုမဟုတ်ဘူးဆိုှိရင် ပြန်လွှတ်ပေးစေချင်တယ်။ ခိုင်အောင်သိန်းဌေးရဲ့ မိသားစုတွေကလည်း စိတ်ပူနေကြတယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

ALP ပါတီ၏ အရန်ကော်မတီဝင်တစ်ဦး ၈ လခန့်အကြာ ဖမ်းဆီးခံထားရသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှာ ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ယင်းအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။

ဗီဒီယိုများ