စစ်ကောင်စီဆွေးနွေးပွဲသို့ ALP တက်ရောက်မည့်အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် လူငယ်အဖွဲ့အစည်း(၂၄)ဖွဲ့မှ ကန့်ကွက်

စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တက်ရောက်မည့်အပေါ် ကန့်ကွက်ရှုံချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်း(၂၄)ဖွဲ့မှ မေလ ၁၅ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

16 May 2022

DMG ၊ မေ ၁၆

စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တက်ရောက်မည့်အပေါ် ကန့်ကွက်ရှုံချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်း(၂၄)ဖွဲ့မှ မေလ ၁၅ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

စစ်ကောင်စီမှ စစ်အာဏာရှင်ယန္တရားကိုလုပ်ဆောင်နေချိန်တွင် ALP အနေဖြင့် ရခိုင်ပြည်သူများ ကိုယ်စားပြုပုံစံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်နေခြင်းသည် ဂုဏ်သိက္ခာကျရောက်စေသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်နိုင်ဌေးကပြောသည်။

“သူတို့(ALP)က ဆွေးနွေးပွဲတက်ရင်လည်း ရခိုင်ပြည်ငြိမ်းချမ်းရေးကိုရမယ်လို့ ကျွန်တော်တို့ယုံကြည်မထားဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိရခိုင်ပြည်မှာ ပြည်သူတွေထောက်ခံမှုရရှိထားတဲ့အဖွဲ့တွေက လက်ရှိအခြေအနေအရ မဝင်သေးဘူး။ ဒီလိုအခြေအနေမှာ ALP တက်ရင် ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရရှိမယ်လို့မထင်ဘူး”ဟု ကိုကျော်နိုင်ဌေးကပြောသည်။

စစ်ကောင်စီကဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် ပြင်ဆင်နေသည့် ALP ၏ လုပ်ရပ်များကို များစွာစိတ်ပျက်မိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ALP အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သော်လည်း အမှန်တကယ် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်ဟု ကျောင်းသားများကဆိုသည်။

ALP သည် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသော်လည်း လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာ လှစ်ဟမှုများစွာရှိနေသည်ဟု သက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်အေးမောင်က ပြောသည်။

“ရခိုင်ပြည်မှာရှိနေကြတဲ့ အာရက္ခပြည်သူလူထုရဲ့အသံတွေကို နားထောင်မှုမရှိဘူး။ သူတို့ရဲ့ သဘောဆန္ဒနဲ့လုပ်မယ်။ ကိုယ်လုပ်ချင်ရာလုပ်မယ်။ အဓိက သူတို့အတွက် အကျိုးရလာဒ်တစ်ခုရလိုက်ရင် ပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာကိုတွေ့ရတယ်။ ဘယ်အချိန်မဆို သူတို့ဘာကို သွားချင်လဲဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းချပြတာကိုလည်းမတွေ့ရဘူး”ဟု ကိုကျော်အေးမောင်ကပြောသည်။

အခြားဒေသများတွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒကိုတီးခေါက်ကြည့်ပြီးမှ တက်သင့်၊ မတက်သင့် ဆုံးဖြတ်ခဲ့သည်များကိုတွေ့ရကြောင်း ကိုကျော်အေးမောင်ကဆက်ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို အမှန်တကယ်ရရှိမည်လော၊ အသုံးချခံသက်သက် ဖြစ်နေမည်လောဆိုသည်ကို သုံးသပ်ဆင်ခြင်သင့်ကြောင်း ကျောင်းသားများက ပြောဆိုကြသည်။

အာရက္ခပြည်၏အချုပ်အခြာအာဏာကို အာရက္ခပြည်သူလူထုထံသို့မရရှိသေးသ၍ အာရက္ခပြည်သူ ငြိမ်းချမ်းသာယာစည်ပင်သော ဒေသတစ်ခုဖြစ်လာမည်မဟုတ်ဟု ကျောင်းသားလူငယ်များမှ ယုံကြည်ထားကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့၏ ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်၍ တုန့်ပြန်ချက်ရရှိနိုင်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်(၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့တို့ တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီကထုတ်ဖော်ပြောကြားထားသည်။

ဗီဒီယိုများ