စစ်ကောင်စီက တိုင်းရင်းသားတို့၏စကားသံကို နားထောင်လိုသည့်ဆန္ဒရှိနေဟု ALP ပြော

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရေးအတွက် စစ်ကောင်စီက တိုင်းရင်းသားများ၏ စကားသံကို နားထောင်လိုသည့်ဆန္ဒရှိနေသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ပြောသည်။

22 Aug 2022

စစ်ကောင်စီမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်နေသည့် ALP ထိပ်ပိုင်းခေါင်းဆောင်များအား တွေ့ရစဉ်။

DMG ၊ သြဂုတ် ၂၂

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရေးအတွက် စစ်ကောင်စီက တိုင်းရင်းသားများ၏ စကားသံကို နားထောင်လိုသည့်ဆန္ဒရှိနေသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ပြောသည်။

ယင်းကြောင့် စစ်ကောင်စီက ငြိမ်းချမ်းရေးကိုဆောင်ရွက်စေချင်ပြီး တိုင်းရင်းသားအားလုံးမှ အကြီးအကဲများနှင့်တွေ့ချင်နေသည်ဟု ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောသည်။

“ဆွေးနွေးတဲ့အချိန်ခါမှာ ကိုယ့်ဘက်ကပြောတာလဲရှိမယ်။ သူ့ဘက်ကပြောတာလည်း ရှိမယ်။ အဲဒီပြောချက်အထဲမှာမှ ကိုယ့်ဘက်ကဆွေးနွေးတာ အောင်မြင်လား။ သူ့ဘက်က ဆွေးနွေးတာအများကြီးအောင်မြင်လား စသည်ဖြင့် အဲဒါတွေကို အသေးစိတ်ခွဲခြားစိတ်ဖြာပြီးမှ ဆုံးဖြတ်ချက်ချရမယ်ဆိုတဲ့ စကားမျိုးကို သူ့ဘက်(စစ်ကောင်စီ)ကပြောတယ်”ဟု စောမြရာဇာလင်းက စစ်ကောင်စီဥက္ကဋ္ဌ၏ ပြောကြားချက်များအပေါ် ပြန်လည်ပြောသည်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ခေါင်းဆောင်များသည် ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးရန် သြဂုတ်လ ၂၁ ရက်နေ့မှစ၍ နေပြည်တော်သို့ရောက်ရှိနေပြီး ယနေ့(သြဂုတ်လ ၂၂ ရက်)နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာ၌ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး၊ ရှေ့ဆက်မည့်နိုင်ငံရေးခရီးစဉ်နှင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့အပြင် တိုင်းပြည်သာယာဝဖြိုးရေးနှင့်ဆက်စပ်၍ ရခိုင်ပြည်သူလူထု အကျိုးဖြစ်ထွန်းရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စောမြရာဇာလင်းကပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် ဆွေးနွေးရန်ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့်တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ ဇယား (၁)၊(၂)နှင့် ပြည်ထောင်စုသဘောတူစာချုပ် (၁)၊(၂)၊(၃)တွင်ပါရှိသည့် အချက်များကို ဆွေးနွေးသွားရန်ရှိကြောင်းသိရသည်။

“အဓိက ကျွန်မတို့မျှော်လင့်တာက တိုင်းပြည်အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ကျွန်မတို့က ငြိမ်းချမ်းရေးဆိုတဲ့ခရီးစဉ်ကို လာတဲ့အချိန်ကတည်းက ဒီတိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့ အဓိစဉ်းစားချက်တွေရှိတယ်”ဟု စောမြရာဇာလင်းကပြောသည်။

ယင်းကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ပြီး သဘောတူညီချက်တစ်စိတ်တစ်ပိုင်းကို ရရှိထားပြီဖြစ်ပြီး ဆက်လက်ဆွေးနွေးရန်အချက်များရှိနေသေးကာ ထိုကိစ္စရပ်များမှာ တစ်ပြည်နယ်လုံးနှင့်ဆိုင်သည့်အတွက် ရခိုင်ပြည်အတွင်းက Stakeholder များနှင့်လည်း စကားပြောရမည်ဟုလက်ခံထားကြောင်း စောမြဇာရာလင်းကပြောသည်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားကာ ပြီးခဲ့သည့်ဧပြီလ ၂၂ ရက်နေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သည်။

ထိုသို့ဆွေးနွေးပြီးအဖွဲ့များနှင့် ယခုသြဂုတ်လအတွင်း ဒုတိယအကျော့အနေဖြင့် အုပ်စုဖွဲ့ဆွေးနွေးသွားမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် အဖွဲ့အားလုံးနှင့်တွေ့ဆုံပြီးပါက ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်အောင် ကြိုးပမ်းသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့်သြဂုတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် အစည်းအဝေး၌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အဓိကအရေးပါသော တိုင်းရင်းသားလက်နက်ကိုင်များမပါဝင်သဖြင့် အာမခံချက်မရှိသည့် သဘောတူညီချက်သာဖြစ်လိမ့်မည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“ဒါတွေဟာ အနာဂတ်မှာပုံဖော်မယ်ဆိုတာကလည်း လက်ရှိအခင်းအကျင်းအရ မလွယ်ဘူးထင်တယ်။ သူ့ဘက်(စစ်ကောင်စီ)ကတော့ လုပ်မှာပေါ့။ တစ်ခုခုဖြစ်အောင်လုပ်မယ်။ ပုံရိပ်ကောင်းအောင်လုပ်မယ်။ ဒါပေမဲ့ EAOs တွေကတော့ လက်ဆုပ်လက်ကိုင်မပြနိုင်ဘဲ အသုံးချခံသာဖြစ်သွားလိမ့်မယ်လို့ထင်တယ်”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့မရောက်ရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအား လာရောက်ရန်အတွက် အကြိမ်ကြိမ်ဖိတ်ခေါ်ထားပြီး ထိုကမ်းလှမ်းချက်အပေါ် လက်မခံကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ရှိနေသည်။

ဗီဒီယိုများ