ရခိုင်တွင် ငြိမ်းချမ်းရေးအစပြုရန်အတွက် နှစ်ဖက်အပစ်အခတ်ရပ်ရန်လိုကြောင်း ALP ဆို

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးလမ်းစ အစပြုနိုင်ရန်အတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အနေဖြင့် ပထမဆုံး အပစ်အခတ်ရပ်စဲရန်လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဆိုသည်။

16 Nov 2020

ဓာတ်ပုံ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

အောင်ထိန် | DMG
နိုဝင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးလမ်းစ အစပြုနိုင်ရန်အတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အနေဖြင့် ပထမဆုံး အပစ်အခတ်ရပ်စဲရန်လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဆိုသည်။

နှစ်ဖက်စစ်ရေးပဋိပက္ခကြောင့် ပြည်သူများ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခြင်း၊ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင် အဖြစ်သို့ရောက်ရှိနေချိန် တပ်မတော်နှင့် AA တို့က အပြုသဘောဆောင်သော အပြန်အလှန် ထုတ်ပြန်ချက် များသည် ရခိုင်ပြည်သူများအတွက် ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်ကြောင်း ALP က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

“အခုထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေမှာဆိုရင် တစ်ဖက်ကိုတစ်ဖက် ပြောဆိုတဲ့အသုံးအနှုန်းတွေကို ကောင်းတဲ့လက္ခဏာဆောင်တဲ့ အသုံးအနှုန်းတွေကို တွေ့ရတယ်။ ဒါကြောင့် ဒီထုတ်ပြန်ချက်တွေဟာ ပိတ်ဆို့ နေတဲ့ ငြိမ်းချမ်းရေးလမ်းစအတွက် အထောက်အကူပြုတယ်လို့ သုံးသပ်မိတယ်” ဟု ALP ဗဟိုကော်မတီအဖွဲ့ဝင် စောမြရာဇာလင်းက DMG သို့ ပြောသည်။

ယင်းအပြင် နိုင်ငံရေးပြဿနာ၏ အခြေခံအကြောင်းအရင်းများကို စားပွဲဝိုင်းပေါ်တွင် အဖြေရှာရန်လိုအပ်ပြီး တိုက်ပွဲနှင့် အဆုံးအဖြတ်ပေးမည်ဆိုသည့် သဘောမျိုး၊ ထိုးစစ်ဆင်ကာ ဖြေရှင်းမည့်သဘောမျိုးကို မစဉ်းစား သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိများ ဦးဆောင်သည့် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတစ်ရပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ဆွေးနွေးရန် ဖွဲ့စည်းကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထား ခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ရက္ခိုင့်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အဆိုပါ လက္ခဏာရပ်များသည် ရခိုင်ပြည်ငြိမ်းချမ်းရေးလမ်းစအတွက် ကောင်းသည့်အခြေအနေတစ်ခု ဖြစ်သော်လည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆို ကြသည်။

ပလက်ဝမြို့နယ်၊ စိမ်းညှမ်းဝကျေးရွာမှ စစ်တွေမြို့တွင် စစ်ဘေးရှောင်တိမ်းနေသည့် ဦးရွှေကျော်ဝင်းက “ကျွန်တော်တို့က ကိုယ့်ရပ်ကိုယ့်ရွာမှာလည်း မနေရဘူး။ စားရေးသောက်ရေး အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြတယ်။ ဒါကြောင့် တပ်မတော်ကိုရော၊ ရက္ခိုင့်တပ်တော်(AA)ကိုရော နှစ်ဖက်ညှိနှိုင်းမှုယူပြီး ငြိမ်းချမ်းမှုတစ်ခု လုပ်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ ဒီအခက်အခဲတွေက လွတ်မြောက်မှာ” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့သည် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါအထိကြာမြင့်နေပြီဖြစ်ကာ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာ ၂သိန်း ၃ သောင်း ၆ ထောင်ကျော်အထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

ဗီဒီယိုများ