ALP တွင် ထိပ်ပိုင်းခေါင်းဆောင်များ သဘောထားကွဲလွဲမှု ပြင်းထန်လာ

ရခိုင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အတွင်း ထိပ်ပိုင်းခေါင်းဆောင်များသဘောထားကွဲလွဲမှု ဆက်တိုက်ဖြစ်ပေါ်လာနေပြီး ၎င်းတို့၏အကွဲအပြဲဇာတ်လမ်းမှာ ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာနေသည်။

By DMG 26 Jan 2022

DMG ၊ ဇန်နဝါရီ ၂၆

ရခိုင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အတွင်း ထိပ်ပိုင်းခေါင်းဆောင်များသဘောထားကွဲလွဲမှု ဆက်တိုက်ဖြစ်ပေါ်လာနေပြီး ၎င်းတို့၏အကွဲအပြဲဇာတ်လမ်းမှာ ယခုရက်ပိုင်းတွင် ပိုမိုပြင်းထန်လာနေသည်။

လက်ရှိတွင် ALP တွင် ခိုင်စိုးနိုင်အောင် ဦးဆောင်သောအဖွဲ့နှင့် ခိုင်ရဲခိုင် ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့ကွဲနေသည်။ ခိုင်စိုးနိုင်အောင်အဖွဲ့တွင် ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်၊ ဗိုလ်မှူးကြီး ခိုင်လင်းခိုင်တို့ပါဝင်ပြီး ခိုင်ရဲခိုင်အဖွဲ့တွင် စောမြရာဇာလင်း၊ ခိုင်ကျော်ခိုင်တို့ပါဝင်နေသည်ကို တွေ့ရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့)က ခိုင်ရဲခိုင်ဦးဆောင်သောအဖွဲ့မှ ထုတ်ပြန်ချက်တွင် ခိုင်စိုးနိုင်အောင်၊ ခိုင်ကျော်လှိုင်နှင့် ခိုင်လင်းခိုင်တို့ကို ပါတီမှထုတ်ပယ်လိုက်သည်ဟု ဆိုထားသည်။၎င်းတို့သုံးဦးသည် ပါတီမှပေးအပ်သည့်တာဝန်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားညီညွတ်ရေးဆိုင်ရာ သဘောတရားများကိုချိုးဖောက်နေသဖြင့် ထုတ်ပယ်ခြင်းဟု ဆိုထားသည်။

ထိုသို့ထုတ်ပယ်မည့်အပေါ် အလေးထားလိမ့်မည်မဟုတ်ကြောင်းနှင့် ပါတီတစ်ခုတည်းဖြစ်ရေးကိုသာ အလေးထားပြီးဆွေးနွေးရန်လည်း ကမ်းလှမ်းထားကြောင်း၊ ကမ်းလှမ်းမှုကို တုန့်ပြန်မှုမရှိလျှင် မိမိတို့၏နိုင်ငံရေးလမ်းစဉ်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခိုင်စိုးနိုင်အောင်အဖွဲ့မှ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

“ကျွန်တော်တို့ ဇန်နဝါရီ ၆ ရက်နေ့ကထုတ်ပြန်တဲ့ Statement ကို ဖွဲ့စည်းပုံနဲ့မညီညွတ်ဆိုပြီး တောက်လျှောက် ပြောလာတာဖြစ်တယ်။ အဲဒါကြောင့်လည်း ကျနော်တို့အပေါ်မှာ အငြိုးအတေးထားတာလည်းဖြစ်နိုင်တယ်။ တော်လှန်ရေးမှာ အငြိုးအတေးထားတာက အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က DMG ကိုပြောသည်။

ဗိုလ်မှူးကြီးခိုင်ကျော်လှိုင် ဆိုလိုသည့်အချက်မှာ ဇန်နဝါရီလ ၆ ရက်နေ့က ခိုင်ရဲခိုင်ဦးဆောင်သည့်အဖွဲ့က ထုတ်ပြန်ချက်ကိုဆိုလိုခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင့်ကံကြမ္မာကို ဖန်တီးနိုင်ရေးအတွက် ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့်လက်တွဲကာ လက်နက်ကိုင်လမ်းစဉ်ကိုလက်ကိုင်ထားပြီး နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိတိုက်ပွဲဝင်ရန် ALP က သစ်လွင်သောနိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်းပါရှိသည်။

ယင်းသို့ ခိုင်ရဲခိုင်ဦးဆောင်သောအဖွဲ့မှထုတ်ပြန်သည့် ထုတ်ပြန်ချက်မှာ ပါတီတွင်းဆွေးနွေးခဲ့ခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ခိုင်စိုးနိုင်အောင်ဦးဆောင်သည့်အဖွဲ့က ပြန်လည်ချေပထုတ်ပြန်ခဲ့သည်။ ထိုသို့ အပြန်အလှန်ထုတ်ပြန်ကြပြီးနောက်တွင် ပါတီတွင်း အုပ်စုနှစ်ဖွဲ့ကွဲလာခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ဗီဒီယိုများ