ရခိုင်က မြို့နယ် ၁၂ ခုကို ဒေါက်တာအေးမောင် သွားရောက်နေ

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသော ဒေါက်တာအေးမောင်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်သို့ ခရီးစဉ်သွားရောက်လျက်ရှိကြောင်း အတူ လိုက်ပါသွားသူများထံမှ သိရသည်။

27 Feb 2021

DMG | ဖေဖော်ဝါရီ ၂၇

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသော ဒေါက်တာအေးမောင်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်သို့ ခရီးစဉ်သွားရောက်လျက်ရှိကြောင်း အတူ လိုက်ပါသွားသူများထံမှ သိရသည်။

ယင်းခရီးစဉ်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ကျိန္တိလီမြို့နယ်များရှိ တန်ခိုးကြီးဘုရားများနှင့် သံဃာတော်အရှင်သူမြတ်များအား ဖူးမျှော်ရန်စီစဉ်ထားကြောင်း သိရသည်။

ခရီးစဉ်တလျှောက်တွင်ရှိသည့် စစ်ဘေးရှောင်စခန်းများမှ ဖိတ်ခေါ်မှုရှိပါကလည်း စစ်ဘေးရှောင်များနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း အတူလိုက်ပါသွားသူများက ဆိုသည်။

ခရီးစဉ်တွင်ပါဝင်သည့် ဦးအောင်သန်းဝေက “အခုခရီးစဉ်မှာ ဒေါက်တာအေးမောင်က ဘုရားဖူးအပန်းဖြေ အဲလောက်ပါပဲ၊ စစ်ဘေးရှောင်စခန်းတွေကိုသွားပြီးတော့ အားပေးစကားပြောတာတွေလုပ်ပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့သွားရောက်ပြီး အားပေးစကား ပြောကြားခဲ့သည့်အပြင် မြောက်ဦးမြို့နယ်မှ ပြည်သူလူူထု ၄၀၀၀ ထောင်ခန့်လောက်မှ ဒေါက်တာ အေးမောင်အား ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။

ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)နေ့တွင် ဒေါက်တာအေးမောင်မှ မင်းပြားသို့သွားရောက်ခဲ့ပြီး လူထု ငါးထောင်ခန့်မှ ကြိုဆိုမှုများရှိခဲ့ကြောင်း သိရသည်။

“အခုကတော့ အမ်းကိုသွားနေတယ်၊ အမ်းပြီးရင်တော့ ဘယ်ကိုသွားမှာလဲဆိုတာတော့ မသိသေးဘူး” ဟု ဦးအောင်သန်းဝေက ဆိုသည်။

ဒေါက်တာအေးမောင်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သည့် ရက္ခိုင့် ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်စာပေဟောပြောတွင် ဟောပြောချက်များနှင့်ပတ်သက်ပြီး တရားစွဲဆိုခံခဲရပြီး စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အင်းစိန်အကျဉ်းထောင်မှ ဒေါက်တာ အေးမောင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီကို ပြန်ပြီးတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ၊ ကျွန်တော် ရခိုင်ကိုပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်နယ်အနှံ့ကိုသွားမယ်၊ စည်းရုံးမယ်၊ ခိုင်ခိုင်မာမာ ရခိုင် တစ်ပြည်နယ်လုံးကိုဦးဆောင်နိုင်တဲ့ ကာလတစ်ခုထိ ဦးဆောင်နိုင်တဲ့ပါတီအဖြစ် အသက်သွင်းမယ်။ အဲတာတော့ ကျနော်ရည်မှန်းထားပါတယ်” ဟု ဒေါက်တာအေးမောင်က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက်တစ်နေ့ DMG နှင့်သီးသန့်အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီးလည်း ဒေါက်တာအေးမောင်က “မိုင်းရှင်းလင်းရေးကို ကောင်းကောင်း မွန်မွန်လုပ်ပြီးမှ နေရပ်စွန့်ခွာသူတွေအားလုံးကို နေရပ်ပြန်ပို့နိုင်တဲ့အနေအထားကို လက်ရှိကာလလေးမှာ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်” ဟု ပြောဆိုသည်။

ဗီဒီယိုများ