အမ်းမြို့သို့ရောက်နေသည့် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် အစိုးရအကူအညီလိုအပ်

“အစိုးရက စစ်ဘေးရှောင်တွေအတွက် ယာယီစခန်းမထားရှိတာကြောင့် ကြုံသလို နီးစပ်ရာမှာ နေကြရပါတယ်။ အမ်းမှာရှိတဲ့ စစ်ဘေးရှောင် အခြေအနေက ဆိုးရွားတဲ့ အခြေအနေလို့ပြောလို့ရတယ်။ အခင်းတောင်မှ မရှိတဲ့ မြေကြီးတွေမှာ သူတို့အိပ်ကြရတယ်။ ဒါတွေကို အစိုးရအနေနဲ့လုပ်ပေးသင့်တယ်လို့ မြင်တယ်။ အစိုးရက နေရာချထားမှုတွေ လုံးဝမရှိဘူး” 

By ကျော်သူဌေး 15 Jan 2020

( ဓာတ်ပုံ - Htoot May / Facebook)

ကျော်သူဌေး | DMG
ဇန်နဝါရီ ၁၅၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ နေထိုင်ရေးအခက်အခဲများဖြစ်နေသောကြောင့် အစိုးရက ကူညီပေးရန်လိုအပ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ဒါးလက်ချောင်း၊ ကဇုကိုင်း စသည့်ကျေးရွာများမှ ဒေသခံ (၃၀၀)ကျော်မှာ အမ်းမြို့သို့ စစ်ဘေးရှောင်ရန်ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နေထိုင်ရန်အတွက် ယာယီစခန်း အခိုင်အမာ မရှိသေးပေ။

“အစိုးရက စစ်ဘေးရှောင်တွေအတွက် ယာယီစခန်းမထားရှိတာကြောင့် ကြုံသလို နီးစပ်ရာမှာ နေကြရပါတယ်။ အမ်းမှာရှိတဲ့ စစ်ဘေးရှောင် အခြေအနေက ဆိုးရွားတဲ့ အခြေအနေလို့ပြောလို့ရတယ်။ အခင်းတောင်မှ မရှိတဲ့ မြေကြီးတွေမှာ သူတို့အိပ်ကြရတယ်။ ဒါတွေကို အစိုးရအနေနဲ့လုပ်ပေးသင့်တယ်လို့ မြင်တယ်။ အစိုးရက နေရာချထားမှုတွေ လုံးဝမရှိဘူး” ဟု ကွင်းဆင်းလေ့လာခဲ့သည့် ဒေါ်ထုမေက ပြောသည်။

လက်ရှိတွင် ၎င်းတို့ကို အမ်းမြို့ပေါ်က မြေလွတ်နေရာတစ်ခုတွင် နေရာချပေးထားပြီး ဆန်ရိက္ခာတစ်ချို့ထောက်ပံ့ပေးထားသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ချင်းအမျိုးသားစာပေယဉ်ကျေးမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါပေမယ့် ကျနော်တို့မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ တဲလေးတွေထိုးပြီး၊ ကိုရီးယားမိုးကာစတွေနဲ့ အပေါ်ကမိုးပေးပြီးတော့ အောက်ကအခင်းကို မိုးကာရှိရင်မိုးကာ၊ ဒါမှမဟုတ် တစ်ခုခုခင်းရတာပေါ့၊ တစ်ချို့နေရာတွေမှာဆိုရင် အခင်းမလုံလောက်တာတွေရှိပါတယ်” ဟု ယင်းအသင်းမှ ကိုနေလင်းက ဆိုသည်။

လတ်တလောနေရာချပေးထားသည့် နေရာတွင် အခင်းများ လုံလုံလောက်လောက်မရှိသောကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် ကျန်းမာရေးစိုးရိမ်စရာရှိနေသည်ဟု ကူညီပေးနေသူများက ပြောသည်။

အမ်းမြို့သို့ စစ်ဘေးရှောင်ရန်ရောက်နေသည့် ရွာဟောင်းကျေးရွာသူတစ်ဦးက “အရင်ကဆို တောထဲတောင်ထဲဝင်ပြီးတော့ ထင်းရှာမျှစ်ချိုးပြီး ငွေရှာလို့ရပေမယ့် အခုကတော့ သွာလာလို့မရတဲ့အတွက် ပိုက်ဆံလည်း မရှိပါဘူး၊ စားဝတ်နေရေးအတွက်လည်း တော်တော်အခက်အခဲဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့် အခက်အခဲများ ဖြစ်ပေါ်နေသည်။

ဗီဒီယိုများ