အမ်းမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၂၀၀၀) ခန့်ရှိလာ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုနယ်မြေ တဖြည်းဖြည်းကျယ်ပြန့်လာကာ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းကျော်အထိရှိလာပြီ ဖြစ်သည်။

By မြတ်ဆွေ 29 Dec 2019

အမ်းမြို့မ အားကစားခန်းမတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုနယ်မြေ တဖြည်းဖြည်းကျယ်ပြန့်လာကာ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းကျော်အထိရှိလာပြီ ဖြစ်သည်။

မြတ်ဆွေ | DMG
ဒီဇင်ဘာ ၂၉၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ဘေးရှောင် (၂၀၀၀) ခန့်ရှိလာပြီဖြစ်ကြောင်း ကူညီပေးနေသူများထံက သိရသည်။

အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်အကြား ဒါးလက်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယင်းအနီးတစ်ဝိုက်က ဒေသခံများမှာ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ စတင်ကာ ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် အမ်းမြို့မ အားကစားခန်းမတွင် မဲလက်မောင်း၊ ဒါးလက် စသည့်ကျေးရွာများမှ ဒေသခံ (၁၂၅)ဦး ခန့်ခိုလှုံနေကြပြီး ဒါးလက်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် (၁၈၀၀)ကျော်ခန့်ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံက သိရသည်။

မြို့ပေါ်တွင်ရှိသည့် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအဆင်ပြေနေသော်လည်း မြို့နှင့်မိုင်ပေါင်း (၃၀)ခန့်ဝေးကွာသည့် ဒါးလက်ကျေးရွာအုပ်စုတွင်ရှိသည့် စစ်ဘေးရှောင်များမှာစားဝတ်နေရေး အခက်အခဲရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“ဒါးလက်ဘက်ကို လူတွေက သိပ်မသွားကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေဖြစ်နေတဲ့အခါမှာ ကြောက်လန့်ပြီး မသွားရဲကြဘူး။ အစိုးရကလည်း ကယ်ဆယ်ရေးသွားတဲ့သူတွေကို လုံခြုံရေးပေးနိုင်မှာ မဟုတ်ဘူးဆိုပြီးမသွားကြ။ အဲဒီမှာ အခက်အခဲတွေများစွာရှိလိမ့်မယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမ်းဒေသခံများသည် ဒါးလက်ကျေးရွာအုပ်စုသို့ ယနေ့ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင်သွားရောက်ပြီး ကူညီထောက်ပံ့ရန် စီစဉ်ထားသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ဒီဇင်ဘာလ (၂၅)ရက်နေ့က မြေပုံ-အမ်းမြို့နယ်ခြားမျဉ်းထက်တောင်ကြော၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုဧရိယာမှာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး စစ်ဘေးရှောင်ဦးရေများပြားလာသည်။ တိုက်ပွဲကြောင့် အမ်းမြို့နယ်ဒေသခံများ စစ်ဘေးရှောင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တပ်မတော်နှင့်AA တိုက်ပွဲကြောင့် ရခိုင်စစ်ဘေးရှောင် (၉၈၇၄၃)ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ အလားတူ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင် (၂၀၀၀) ကျော်ခန့်ကလည်း စစ်ဘေးရှောင်နေရသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဗီဒီယိုများ