တိုင်းရင်းသားခေါင်းဆောင်များ ဖက်ဒရယ်အကြောင်းကို အကျယ်ရှင်းပြဖို့လိုအပ်ပြီဖြစ်ကြောင်း ANC ခေါင်းဆောင်ပြော

လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အသစ်သွားရမည့် ဖက်ဒရယ်မူတစ်ခုကို အကျယ်တဝင့်ရှင်းပြရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) ခေါင်းဆောင်က ပြောကြားလိုက်သည်။

By DMG 28 Jan 2022

DMG ၊ ဇန်နဝါရီ ၂၈

လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အသစ်သွားရမည့် ဖက်ဒရယ်မူတစ်ခုကို အကျယ်တဝင့်ရှင်းပြရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) ခေါင်းဆောင်က ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၂၇ က စတင်ကျင်းပသည့် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆောင်ကျင်းပသည့် ပထမဆုံးအကြိမ်ပြည်သူ့ညီလာခံတွင် ANC ခေါင်းဆောင်တစ်ဦးတက်ရောက်ကာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာ့နိုင်ငံရေးအရှုပ်အထွေး၌ ပြည်သူတို့က ဖက်ဒရယ်ဆိုသည်မှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးနိုင်ခွင့်မရှိဆိုသည့် အတွေးအခေါ်တို့နှင့် ဗမာနောက်လိုက်ဝါဒဟုမှတ်ယူထားကြသည့်အတွက် ရှင်းပြရန်လိုအပ်နေခြင်းဖြစ်ကြောင်း ANC ဥက္ကဋ္ဌ လည်းဖြစ်၊ ရခိုင်ပြည်တပ်မတော်(AA)၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်မှူးကြီးမင်းထွန်းကပြောသည်။

“ဖက်ဒရယ်ဆိုတာက ဗမာနောက်လိုက်ဝါဒပဲ။ ငါတို့အမျိုးသားတွေရဲ့ ကံကြမ္မာကို ငါတို့ဖန်တီးခွင့်မဟုတ်ဘူးဆိုတဲ့ အတွေးခေါ်တွေကလည်း ပြန်ပြီးတော့လွှမ်းမိုးလာတာရှိပါတယ်။ အဲဒီအတွေးအခေါ်နှစ်ခုက တစ်ခုနဲ့တစ်ခု အပြန်အလှန်အကျိုးပြုပြီးတော့မှ ကျွန်တော်တို့အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လိုလားတဲ့ကြိုးပမ်းမှုမှာ အများကြီးအနှောင့်အယှက်ဖြစ်စေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအနေနဲ့က ဖက်ဒရယ်ဒီမိုကရေစီဆိုတာဘာလဲဆိုတဲ့ (message)ကို ကျယ်ကျယ်ပြန့်ပြန့်ပြောဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါညီလာခံကို ဇန်ဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိပြုလုပ်မည်ဖြစ်သည်။ ထိုညီလာခံတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၈ ဖွဲ့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ နိုင်ငံရေးပါတီများ၊ CDM ဝန်ထမ်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ် ကိုယ်စားပြုကော်မတီများ၊ သမဂ္ဂများ၊ သပိတ်ခေါင်းဆောင်များ၊ လူငယ်၊ အမျိုးသမီးများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တက်ရောက်နေကြသည်။

ယခုညီလာခံတွင် အာဏာရှင်စနစ်ပပျောက်ရေး၊လ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပဋိဉာဉ်နှင့်အညီရေးဆွဲထားသည့် မဟာဗျူဟာများကိုလည်း အကောင်းဆုံးလေ့လာသုံးသပ်ပြီး အတည်ပြုပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာလုပ်ငန်းများကိုလည်း တင်ပြအတည်ပြုချက်ရယူနိုင်မည်ဟုယုံကြည်ကြောင်း အမျိုးသားညီညွတ်မေး(NUG)အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။

ဗီဒီယိုများ