စစ်တွေတွင် တိရိစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ထားသူများကို စတင်အရေးယူမည်

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် အိမ်မွေးတိရိစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းထားသူများအား အရေးယူမှုများ စတင်လုပ်ဆောင်သွားမည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

28 May 2022

စစ်တွေမြို့ လမ်းမပေါ်တွင် စည်းကမ်းမဲ့လွှတ်ထားသည့် မြင်းများကိုတွေ့ရစဉ်

DMG ၊ မေ ၂၈

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် အိမ်မွေးတိရိစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းထားသူများအား အရေးယူမှုများ စတင်လုပ်ဆောင်သွားမည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

အိမ်မွေးတိရိစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းထားသည်များကိုတွေ့ရှိပါက စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း မြို့နယ်စည်ပင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အရင်ကလမ်းတွေပေါ်မှာ ဝက်တွေ၊ နွားတွေလွှတ်ကျောင်းထားတာတွေရှိခဲ့တာကနေ အခုဆိုရင်မြင်းတွေပါ လမ်းမပေါ်ကိုရောက်လာပြီ။ ဒီလိုတိရိစ္ဆာန်တွေ လမ်းပေါ်ရောက်နေတော့ လမ်းသွားလမ်းလာယာဉ်တွေအတွက် တော်တော်အန္တရာယ်များတဲ့အတွက် အခုလိုဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့အိမ်မွေးတိရိစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းထားသူများအား အရေးယူရာတွင် ဒဏ်ငွေရိုက်ကာ သတိပေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က စစ်တွေကားဂိတ်အနီးရှိ မေယုအဝေးပြေးလမ်းမပေါ်တွင် မြင်းများသွားလာနေသည့်အတွက် ယာဉ်တစ်စီးတိမ်းမှောက်လုနီးပါးဖြစ်ခဲ့ရပြီး စည်ပင်တာဝန်ရှိသူများမှ အဆိုပါမြင်းများကို သွားရောက်နှင်ထုတ်ခဲ့ရကြောင်းလည်း သိရသည်။

ယခုကဲ့သို့ တိရိစ္ဆာန်များကို လူအများသွားလာရာနေရာများ (Public Area)တွင် စည်းကမ်းမဲ့လွှတ်ကျောင်းခြင်းများမှာ ကောင်းမွန်သည့်လုပ်ရပ်မဟုတ်ကြောင်းနှင့် တိရိစ္ဆာန်ပိုင်ရှင်များအနေဖြင့်လည်း လူသူနှင့်ဝေးရာတွင်သာလွှတ်ကျောင်းခြင်းမျိုး ဆောင်ရွက်သင့်ကြောင်း စစ်တွေမြိုကဒေသခံ ကိုညီခိုင်သွီးကပြောသည်။

“တစ်ခါတစ်လေကျရင် လမ်းမပေါ်မှာ နွားတွေသွားနေလို့ ဆိုင်ကယ်ရပ်ပြီး စောင့်နေရတာတွေရှိခဲ့တယ်။ ပိုင်ရှင်တွေအနေနဲ့လည်း ဖြစ်သလိုလွှတ်ထားတာမျိုး မလုပ်ဖို့လိုတယ်။ ဒီကာလမှာက အားလုံးကကြပ်တည်းနေကြတော့ စည်ပင်အနေနဲ့လည်း ဒဏ်ရိုက်တာမလုပ်သေးပဲ အရင်ဆုံး သတိပေးတာမျိုးတွေလုပ်ရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့ရှိ လမ်းမပေါ်တွင် စည်းကမ်းမဲ့လွှတ်ကျောင်းထားသည့် အိမ်မွေးတိရိစ္ဆာန်များကို မကြာခဏတွေ့မြင်နေရပြီး ထိုတိရိစ္ဆာန်များကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သည့်အတွက် ယခုကဲ့သို့ စည်ပင်မှဆောင်ရွက်ခြင်းမှာ ကောင်းမွန်သည်ဟုလည်း ဒေသခံအချို့က ပြောဆိုကြသည်။

ဗီဒီယိုများ