နေရပ်ပြန်သည့်စစ်ဘေးရှောင်များ ကဇုကိုင်းတွင် စစ်ဆေးခံနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ဂိတ်ချောင်းကျေးရွာသို့ ပြန်လာသည့် စစ်ဘေးရှောင် ၇၀ ဦးခန့်မှာ မေလ ၇ ရက်နေ့က ကဇုကိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။

By ဝင်းညွန့် 08 May 2020

Photo ; Ko Soe Thein

ဝင်းညွန့် | DMG
မေ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ဂိတ်ချောင်းကျေးရွာသို့ ပြန်လာသည့် စစ်ဘေးရှောင် ၇၀ ဦးခန့်မှာ မေလ ၇ ရက်နေ့က ကဇုကိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလအစောပိုင်းက ဂိတ်ချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဂိတ်ချောင်းကျေးရွာသား ၄၀၀ ကျော်မှာ အမ်းမြို့ပေါ်သို့ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အထဲမှ လူဦးရေ ၇၀ ခန့်မှာ ယမန်နေ့က မိမိနေရပ် ဂိတ်ချောင်းရွာသို့ပြန်လာစဉ် အမ်းမြို့နယ် ကဇုကိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံနေရသဖြင့် ယနေ့မေလ ၈ ရက်နေ့အထိ ၎င်းတို့နေရပ်ကျေးရွာသို့ ပြန်မရောက်သေးကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမ်းမြို့နယ်မှ ကိုသန်းထိုက်စိုးက ပြောသည်။

“သူတို့ရွာကို မသွားရသေးဘူး။ ကဇုကိုင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံနေရသေးတယ်လ့ိုကြားတယ်။ ဘယ်အချိန် ပြန်သွားရမယ်ဆိုတာ မသိရသေးဘူး”ဟု ကိုသန်းထိုက်စိုးကဆိုသည်။

ဂိတ်ချောင်းကျေးရွာသားများ စစ်ဘေးရှောင်နေစဉ်ကာလအတွင်း ၎င်းတို့၏နေအိမ်များ ဖောက်ထွင်းခံရမှုရှိကြောင်း ကြားသိရသဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေက အရေးပေါ်ထွက်ပြေးလာရတဲ့အချိန်ကျတော့ ကျွဲတွေ၊ နွားတွေကို ကြိုးနဲ့ချည်းထားခဲ့တဲ့သူတွေ ရှိတယ်လို့ပြောတယ်။ နောက်ပြီးတော့ အိမ်တွေကို အဖောက်ခံရတယ်လို့ကြားတဲ့အတွက် ပြန်သွားချင်တယ်ဆိုလို့ သူတို့ပြန်သွားကြတာ” ဟု အမ်းမြို့ဒေသခံ ကိုစိုးသိန်းကပြောသည်။

လက်ရှိမှာ ကဇုကိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံနေရသည့် စစ်ဘေးရှောင် ၇၀ ခန့်မှာ ကျေးရွာသို့ ပြန်မရောက်သေးဘဲ ၎င်းတို့နှင့် ဖုန်းအဆက်အသွယ်များလည်း မရရှိသဖြင့် မိသားစုဝင်များမှ စိုးရိမ်နေကြကြောင်း ဂိတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်အခဲများဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရပြီး မိမိနေရပ်သို့ပြန်ရန်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် မပြန်ရဲဘဲဖြစ်နေကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ