အမ်းမြို့နယ်မှ ဖမ်းဆီးခံရသူ ၂၀ ဦးအနက် ၄ ဦးပြန်လွတ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ဖမ်းဆီးခံထားရသည့် ဒေသခံ ၂၀ ဦးအနက် ယနေ့ မေလ ၂၀ ရက် နေ့တွင် ၄ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By မျိုးသီရိကျော် 20 May 2020

Photo - google

မျိုးသီရိကျော် | DMG
မေ ၂၀ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ဖမ်းဆီးခံထားရသည့် ဒေသခံ ၂၀ ဦးအနက် ယနေ့ မေလ ၂၀ ရက် နေ့တွင် ၄ ဦး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာ ရှမ်းကုန်းမှ ဒေသခံ ၅ ဦးနှင့် ဒါးလက်အလယ်ကျွန်းကျေးရွာမှ ဒေသခံ ၁၅ ဦးမှာ မေလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒါးလက်အနောက်ရွာ ရှမ်းကုန်းမှ အလယ်တန်းပြကျောင်းဆရာ ဦးထွန်းခိုင်အပါအဝင် ၅ ဦးသည် သီဟိုစေ့ ဝယ်ယူရန် လိပ်ကုန်းကျေးရွာသို့သွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့ထဲမှာ ၄ ဦးမှာ မေလ ၂၀ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း လွတ်မြောက်လာသူ ဦးထွန်းထွန်းဦး၏ဇနီး ဒေါ်စန္ဒာဝင်းက DMG သို့ ပြောသည်။

“သူတို့ကို စစ်သားတွေက ဖမ်းဆီးသွားတယ်။ အဲဒီမှာတစ်ညအိပ်ခိုင်းပြီး ရဲသားတွေက စစ်ဆေးတယ်။ ဒီကနေ့ ပြန်လွှတ်လိုက်တာပါ။ အခု ကျွန်မယောက်ျားက သူလုပ်နေကျအလုပ် ဝါးခုတ်ဖို့သွားပါတယ် ”ဟု ဒေါ်စန္ဒာဝင်းက ဆိုသည်။

မေလ ၁၇ ရက်နေ့က ဒါးလက်အလယ်ကျွန်းကျေးရွာနေ ဦးမျိုးနိုင်သည် ဒါးလက်ချောင်းအတွင်း ငါးရှာသွားစဉ် ပျောက်ဆုံးသွားခဲ့သည်။

ယင်းသို့ ပျောက်ဆုံးသွားသူအားရှာဖွေရန် ဒါးလက်အလယ်ကျွန်းကျေးရွာမှ ဒေသခံ ၁၅ ဦးသည် မေလ ၁၈ ရက်နေ့တွင် ကုန်လမ်း၊ ရေလမ်းခွဲပြီးသွားစဉ် ၁၄ ဦးဖမ်းဆီးခံခဲ့ရကာ တစ်ဦးမှာပုန်းခိုနေခဲ့၍ လွတ်မြောက်သွား ခဲ့ကြောင်း သိရသည်။

ထိုသို့ လွတ်မြောက်လာသူ ကိုသန်းဝေက“ပျောက်ဆုံးသူရဲ့စက်လှေကို ကမ်းစပ်မှာတွေ့တာနဲ့ သူ့ကိုလိုက်ရှာ နေတဲ့ ကျနော်တို့စက်လှေကို အဲနားမှာရပ်လိုက်တယ်။ အဲဒီမှာအရပ်ဝတ် ဝတ်ထားပြီး ဗမာစကားပြောတဲ့သူ နှစ်ဦးက ကျနော်တို့ကိုခေါ်ပါတယ်။ စက်လှေမှာ လူ ၉ ဦးပါတယ်။ သူတို့ခေါ်တော့ ကျနော်ကချုံပုတ်တခုမှာ ပုန်းကျန်ခဲ့တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဒါးလက်အလယ်ကျွန်းကျေးရွာသား ၁၄ ဦးမှာ ဦးစိုးမြင့်၊ ဦးမောင်မြင့်နိုင်၊ ဦးလှအောင်စိုး၊ ဦးကြည်လွင်၊ ဦးညီသိန်း၊ ဦးမင်းနိုင်၊ ဦးဇော်ဝင်း၊ ဦးမင်းသီရိ၊ ဦးကျော်မောင်၊ ဦးမင်းမင်းဇော်၊ ဦးမောင်သန်း၊ ဦးဇော်လင်းဝင်း၊ ဦးဝင်းဇော်၊ ဦးမောင်ညွန့်တင်တို့ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အဆက်အသွယ်မရတာ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီ။ မြောက်ဦးတို့၊ ပုဏ္ဏားကျွန်းတို့မှာ ပုံစံပြသွားတာ ရှိတယ်လေ။ လူပျောက်သွားတယ်ဆိုရင် ဘယ်သူပျောက်သွားမှန်းမသိ အလောင်းပဲတွေ့တယ်။ အဲလိုမျိုးတွေ ဖြစ်သွားမှာကို စိုးရိမ်တယ်”ဟု ကိုသန်းဝေကဆိုသည်။

အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ယင်းသို့ဖမ်းဆီးခံရသည့်ဖြစ်စဉ်မှာ မှန်ကန် သော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမသိရသေးကြောင်း DMG သို့ ယနေ့ပြောသည်။

“၁၅ ယောက်အဖမ်းခံရတယ်လို့တော့ ကြားထားတယ်။ ဘယ်သူတွေ ဖမ်းသွားတယ်ဆိုတာတော့ မသိရှိရ သေးဘူး။ အသေးစိပ်ကို စုံစမ်းနေတယ် ”ဟု ၎င်းကဆိုသည်။

ဗီဒီယိုများ