ရခိုင်ပြည်နယ်တွင် ကုန်စည်ပြတ်တောက်မှုရှိလာသောကြောင့် နည်းလမ်းတစ်မျိုးဖြင့် ယခုရက်ပိုင်းတင်သွင်းမည်

ရခိုင်ပြည်နယ်တွင် သင်္ကြန်လွန်ကာလမှစတင်ကာ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ကားများ ရပ်တန့်နေရသဖြင့် ကုန်ပစ္စည်းများ ပြတ်တောက်လာသောကြောင့် နည်းလမ်းတစ်မျိုးဖြင့် လာမည့် ဧပြီလ ၃၀ ရက်နေ့မှ စတင်ကာ တင်သွင်းတော့မည်ဟု ပြည်နယ် ကုန်သည်၊ စက်မှုအသင်း(RSC CI)ထံက သိရသည်။

28 Apr 2020

အမ်း-မင်းပြား ကားလမ်းအခြေအနေ လုံခြုံရေး စိုးရိမ်ရသောကြောင့် အမ်းမြို့အနီးတွင် ရပ်နားထားသည့် ကုန်တင်ယာဉ်များကို ဧပြီလ ၂၇ နေ့က တွေ့ရစဉ်။ (Photo - K Than Aung's facebook)

ခင်သရဖီဦး | DMG
ဧပြီ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် သင်္ကြန်လွန်ကာလမှစတင်ကာ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ကားများ ရပ်တန့်နေရသဖြင့် ကုန်ပစ္စည်းများ ပြတ်တောက်လာသောကြောင့် နည်းလမ်းတစ်မျိုးဖြင့် လာမည့် ဧပြီလ ၃၀ ရက်နေ့မှ စတင်ကာ တင်သွင်းတော့မည်ဟု ပြည်နယ် ကုန်သည်၊ စက်မှုအသင်း(RSC CI)ထံက သိရသည်။

ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း မရှိစေရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရခိုင်ပြည်နယ်ကုန်သည်၊စက်မှုအသင်းတို့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးကာ ထိုသို့ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟု RSCCI ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။

ဆုံးဖြတ်ချက်အရ ကုန်စည်များကို ရန်ကုန်မှ ကျောက်ဖြူသို့ ကုန်းလမ်းမှတင်သွင်းမည်ဖြစ်ပြီး ကျောက်ဖြူမှ တစ်ဆင့် စစ်တွေမြို့သို့ ရေယာဉ်(၄)စီးဖြင့် ကုန်ပစ္စည်းတင်သွင်းမည်ဟု ရခိုင်ပြည်နယ် ကုန်သည်၊စက်မှုအသင်း က သိရသည်။

“ အဓိကတော့ ရန်ကုန်က ထွက်လာတဲ့ကုန်ကားတွေ နောက် ဆီကားတွေက လမ်းထက်မှာပဲ ရပ်နေရတယ်လို့ သတင်းတွေက အရင်ကတည်းက ကြားပါတယ်။ စစ်တွေကို မရောက်နိုင်တာက သင်္ကြန်လွန်တဲ့ အချိန်ကတည်းက ကုန်စည်တွေက မရောက်နိုင်ဘူး။ ဒီဖက်မှာက ကုန်စည်တွေကလည်း ရန်ကုန်ဖက်က လာတော့ ဒီဖက်မှာလည်း တဖြည်းဖြည်း ပြတ်တောက်လာတာပေါ့ ” ဟု ဦးတင်အောင်ဦးက DMG သို့ပြောသည်။

စက်သုံးဆီ သယ်ယူရေးနှင့်ပတ်သက်ပြီး  ဒီဇယ်ဆီတစ်ခုတည်းကိုသာ ဆီသယ်ရေယာဉ်ဖြင့် သယ်ယူ၍ ရရှိနိုင်မည်ဖြစ်သည်။  သို့သော် ဓာတ်ဆီ၊အောက်တိန်းဆီများကို ရေလမ်းဖြင့်သယ်ယူ၍ မရသောကြောင့် ကုန်းလမ်းမှသယ်ယူနိုင် ရေးအတွက် ပြည်ထောင်စုအဆင့်အစိုးရသို့ ပြည်နယ်အစိုးရအဖွဲ့က ဆက်လက် တင်ပြမည်ဖြစ်သည်။

“ဓာတ်ဆီသယ်တဲ့ ရေယာဉ်က မရှိတော့ သဘောၤနဲ့ သယ်မှာက မဖြစ်နိုင်ဘူး။ ဓာတ်ဆီအတွက်ကတော့ နည်းနည်းအခက်အခဲရှိတယ်။ ကားလမ်းက တင်မယ့်လမ်းတစ်ခုပဲရှိတယ်။ ဒါပေမဲ့  ဓာတ်ဆီကတော့ ပြတ်လတ်မှုမရှိအောင် စက်သုံးဆီအသင်းကတော့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းအချို့ ပြတ်တောက်နေပြီး ဆီဆိုင်အချို့တွင်လည်း အောက်တိန်း၊ဓာတ်ဆီများ ပြတ်လပ်သွားသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သွားကြောင်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံက သိရသည်။

ဗီဒီယိုများ