အမ်းမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး ဒေသခံနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသားနှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ထိန် 30 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၃၀ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသားနှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူနှစ်ဦးမှာ ဦးမောင်တင် (၆၀)နှစ်နှင့် ကိုဆူပါချေ (၃၀)နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူမှာ ဦးဆန်းဝင်း(၄၈)နှစ် ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဦးမောင်တင်သည် ဂျိတ်ချောင်းကျေးရွာနှင့် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် ၎င်း၏ဥယျာဉ်သို့သွားစဉ် ဥယျာဉ်အတွင်းမိုင်းပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံ ကိုမျိုးလွင်က DMG သို့ပြောသည်။

“ဒီနေ့ ရွာကလူတွေသွားရှာတဲ့အခါ သူ့ဥယျာဉ်ထဲက ဒညင်းပင်အောက်မှာ သေနေတာကိုတွေ့တာ”ဟု ကိုမျိုးလွင်က ပြောသည်။

ဦးမောင်တင်နေအိမ်သို့ပြန်ရောက်မလာသဖြင့် ယနေ့(ဇူလိုင်လ ၃၀ ရက်) နံနက်ပိုင်းတွင် မိသားစုဝင် ၁၀ ဦး တို့မှ ဥယျာဉ်သို့သွားရှာခဲ့စဉ် ဦးမောင်တင်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့သေဆုံးနေသည့် ဦးမောင်တင်၏ရုပ်အလောင်းအနီးတွင် ယနေ့ထပ်မံ၍ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ကဇူးကိုင်းအုပ်ချုပ်ရေးမှူး ဦးခင်အောင်သန်းက ပြောသည်။

“ဦးမောင်တင်ရဲ့အလောင်းကို သယ်မယ်ဆိုပြီးလုပ်တော့ အလောင်းနားမှာ မိုင်းတစ်လုံးထပ်ပေါက်တယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်” ၎င်းကဆိုသည်။

ယင်းသို့ မိုင်းထပ်မံပေါက်ကွဲခဲ့သဖြင့် ဦးမောင်တင်အား ရှာဖွေရန်ပါဝင်သူ ၁၀ ဦးထဲမှ ဦးဆန်းဝင်း ၄၈ နှစ်နှင့် ကိုဆူပါချေ ၃၀ နှစ်တို့ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူနှစ်ဦးအား ဂျိတ်ချောင်းကျေးရွာသို့သယ်ဆောင်လာရာ ကိုဆူပါချေမှာ ကျေးရွာသို့မရောက်မီ သေဆုံးသွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးခင်အောင်သန်းက ဆိုသည်။

လက်ရှိတွင် သေဆုံးသူနှစ်ဦးထဲမှ ဦးမောင်တင်၏ရုပ်အလောင်းမှာ ဥယျာဉ်ထဲတွင်သာထားခဲ့ရပြီး ကိုဆူပါချေ၏ ရုပ်အလောင်းကို ကျေးရွာတွင်ထားရှိကြောင်း သိရသည်။ ဒဏ်ရာပြင်းထန်စွာရရှိသွားသူ ဦးဆန်းဝင်းကိုမူ အမ်းမြို့နယ်ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကဇူးကိုင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံအများစုသည် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင် စားသောက်နေသူများဖြစ်ပြီး ယခုကဲ့သို့ မိုင်းပေါက်ကွဲကာ အသက်ဆုံးရှုံးမှုများရှိလာသဖြင့် တောင်ယာထဲ သွားရောက်ရန် စိုးရိမ်မှုများရှိနေကြသည်။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း အမ်းမြို့နယ် ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင့်ကျေးရွာအတွင်းသို့ လက်နက် ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှ ၂ နှစ်ခန့်အထိ ကြာမြင့် လာနေကာ တိုက်ပွဲအကျိုးဆက်အဖြစ် လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲတို့ကြောင့် အရပ်သားသေဆုံးမှုများ နေ့စဉ်နှင့်အမျှတိုးလာနေသည်။

ဗီဒီယိုများ