ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမည့်ကျေးရွာအုပ်စု ၇ ခုမှာ တပ်နယ်မြေများဖြစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့မှ ကျေးရွာအုပ်စု (၇) ခုတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှထပ်မံကြေငြာသည့် နေရာများမှာ တပ်နယ်မြေများဖြစ်နေကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

By မင်းထွန်း 28 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့မှ ကျေးရွာအုပ်စု (၇)ခုတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထပ်မံကြေငြာသည့် နေရာများမှာ တပ်နယ်မြေ များဖြစ်နေကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

အမ်းမြို့နယ် အမ်းမြောက်၊ အောက်ကျေး၊ လုံးကောက်နှင့် အမ်းတောင်ကျေးရွာအုပ်စု (၄)ခုအပြင် ကျောက်ဖြူ မြို့နယ်အတွင်းမှ ဂုံးချိန်၊ စစ်တော၊ အဝတောင် ကျေးရွာအုပ်စု(၃)ခုတို့အား ရွေးကောက်ပွဲမကျင်းသည့် နယ်မြေ အဖြစ်မှ ပယ်ဖျက်ကာ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC )မှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“တပ်ရင်းတွေရှိတဲ့နေမြေတွေကိုပဲ ထပ်ပြီးတော့တိုးလိုက်တယ်။ ကျန်တဲ့လူထုမဲဆန္ဒနယ်ကို ထပ်မတိုးဘဲ တပ်နယ်နမိတ်တွေလောက်ပဲ တိုးတဲ့အတွက် အခက်အခဲတွေရှိနေတာပေါ့။ အခုက တပ်မဲဆန္ဒနယ်က များသွားတော့ မဲပေးပိုင်ခွင့်ရှိတဲ့လူထုရဲ့ နယ်မြေနဲ့ဆိုရင် တဝက်နီးပါးလောက်ရှိသွားပြီ” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD) ကိုယ်စာပြုပြီး အမ်းမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းက ဆိုသည်။

အမ်းမြို့နယ်ရှိ လုံးကောက်ကျေးရွာအုပ်စုတွင် ရိက္ခာထောက်ပံ့ရေး (ထောက်/ပို့တပ်ရင်း)၊ ၃၇၁ တပ်ရင်း၊ ၃၇၂ တပ်ရင်းတို့ရှိပြီး အောက်ရွာကျေးရွာအုပ်စုတွင် (နပခ)တိုင်းစစ်ဌာနချုပ်ရှိကာ အမ်းမြောက်အုပ်စုတွင် စရဖ တပ်ဖွဲ့၊ အမြောက်တပ်၊ ၃၇၃ တပ်ရင်း၊ ဆေးတပ်ရင်းတို့ရှိကြောင်းနှင့် အမ်းတောင်အုပ်စုတွင် တပ်ထိန်း၊ ၃၇၂ တပ်ရင်း၊ ၇၅၇ တပ်ရင်း၊ လေ့ကျင့်ရေးတပ်ရင်းတို့ရှိကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းရှိနေသည့် ဒါးလက်ချောင်းကျေးရွာအုပ်စုနှင့် ကဇုကိုင်းကျေးရွာ အုပ်စုတို့မှ လွဲပြီး ကျန်ရှိသော ကျေးရွာအုပ်စုအားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံများက ရှုမြင်ကြသည်။

အလားတူ ကျောက်ဖြူမြို့နယ်မှ အဝတောင်ကျေးရွာအုပ်စုတွင် တောင်မော်ကြီးရေတပ်စခန်းရှိပြီး စစ်တောကျေးရွာအုပ်စု၌ သစ်ပုတ်တောင်ရေတပ်စခန်းရှိကာ ဂုံးချိန်ကျေးရွာအုပ်စုတွင် ၅၄၂၊ ၅၄၃ တပ်စခန်းများရှိကြောင်း ယင်းမြို့နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့် ဦးကျော်လွင်ကဆိုသည်။

“ကျနော်မြင်တာကတော့ ပြည်သူတွေရဲ့မဲကို လိုချင်၊ ထည့်စေချင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကို အမှန်တကယ်မဲထည့်စေချင်တဲ့စိတ်ရှိတယ်ဆိုရင် အကုန်လုံးကိုကျင်းပမှာဖြစ်တယ်။ စစ်မဖြစ် နိုင်တဲ့နေရာ အကုန်လုံးမှာကျင်းပလိမ့်မယ်။ အခုသူတို့ကျင်းပတာဟာ တပ်ရှိတဲ့နယ်မြေတွေကိုပဲ ထပ်တိုးပြီး ကျင်းပတာဆိုတော့ တပ်ရဲ့မဲကို လိုချင်တယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ် အဝတောင်ကျေးရွာအုပ်စုတွင် မကြာသေးမီရက်ပိုင်းအတွင်းက  မိုင်းပေါက်ကွဲမှုများရှိခဲ့၍ ဒေသခံအချို့မှာ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်တောကျေးရွာအုပ်စုအတွင်းက ကျေးရွာ အချို့တွင် သံသယဖြင့်ဖမ်းဆီးစစ်ဆေးခံရခြင်းများရှိသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေများရှိ တပ်မတော်သားများနှင့် မိသားစုဝင်တို့မှာလည်း မဲပေးပိုင်ခွင့်ဆုံးရှုံးရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၉)မြို့နယ်တွင်လည်းကောင်း၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်တို့မှ ရပ်ကွက် (၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃၇) စုတွင် လည်းကောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့သို့ ထုတ်ပြန်ခဲ့သည့် နယ်မြေများအနက် အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထပ်မံစိစစ်တင်ပြချက်အရ အဆိုပါကျေးရွာအုပ်စု (၇)ခုကို ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းမှပယ်ဖျက်၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပကြောင်း ကြေငြာထားသော စစ်တွေမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခု၊ ပေါက်တောမြို့နယ်၊ မောင်တောမြို့နယ်တောင်ဘက်ပိုင်းနှင့် တောင်ကုတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၈ ခုတို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုရန် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)သို့ တင်ပြထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း UEC က ကြေငြာထားပြီး ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ကျော်သာ လိုတော့သည်။

ဗီဒီယိုများ