တပ်မတော်က ဖမ်းဆီးထားသည့် အမ်းဒေသခံ ၃ ဦးအား ရဲစခန်းသို့လွှဲပြောင်းထား

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာသား ၃ ဦးအား တပ်မတော်က ငါးရက်ကြာဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ (အောက်တိုဘာလ ၁၅)ရက်နေ့တွင် အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By DMG 16 Oct 2020

နှင်းနွယ်၊ မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာသား ၃ ဦးအား တပ်မတော်က ငါးရက်ကြာဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့ (အောက်တိုဘာလ ၁၅)ရက်နေ့တွင် အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရဲစခန်းသို့ ရောက်ရှိနေသူများမှာ ဦးမောင်သန်းတင် ၅၅ နှစ်၊ ဦးညီပု ၄၅ နှစ်နှင့် ကိုမောင်သန်းမြင့် ၂၃ နှစ်တို့ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးညီပု၏ဇနီးဒေါ်သန်းသန်းနုက “ကျမတို့ရွာက အုပ်ချုပ်ရေးမှူးက တပ်ကဖမ်းသွားတဲ့ သူတွေ ရဲစခန်းကိုရောက်နေပြီလို့ သတင်းကြားတယ်ဆိုပြီး ဖုန်းဆက်ပြောလာတယ်။ ဒါကြောင့် ကျမနဲ့အတူ ကျမအခုရောက်နေတဲ့ ရွာကလူကြီးတွေပါ စခန်းကိုဖုန်းလှမ်းဆက်ကြတယ်။ အဲဒီအချိန်မှာ ရဲစခန်းကတာဝန်ရှိသူ တစ်ဦးက လူသုံးယောက်ရောက်နေတယ်ဆိုပြီး နာမည်နဲ့တကွပြောတဲ့အတွက် ကျမယောက်ျားးပါတာကို သိရတာပါ” ဟု ၎င်းကပြောသည်။

ထို့အတူ ကျေးရွာအပြင်ဘက်၌ နွားကျောင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည့် ဦးမောင်သန်းတင်၏ သမီးဖြစ်သူ မခိုင်မေဦးကလည်း ဖခင်ဖြစ်သူအား ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟု သတင်းကြားသိရကြောင်း ပြောသည်။

“လောလောဆယ်တော့ ကျမအဖေတို့ကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာကိုတော့ မသိရသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျမကတော့ ကျမအဖေကို အခုလို အပြစ်မရှိ အပြစ်ရှာပြီး တပ်မတော်က ဖမ်းသွားတာကို အရမ်းယူကျုံးမရ ဖြစ်မိတယ်။ မိသားစုဝင်တွေအနေနဲ့လည်း သူတို့ကို အခုလို ရုံးတင်တယ်လို့ သတင်းကြားရတဲ့အချိန်မှာ သူတို့နဲ့တွေ့ချင်တယ်” ဟု မခိုင်မေဦးကဆိုသည်။

တပ်မတော်က ဖမ်းဆီးသွားသူများ ရဲစခန်းသို့ရောက်ရှိနေပြီဆိုသည့် မိသားစုဝင်များ၏ ပြောဆိုချက်နှင့် ပတ်သက်၍ အသေးစိတ်သိရှိရရန် အမ်းမြို့မရဲစခန်းသို့ DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပေ။

အလားတူ တပ်ကဖမ်းဆီးသွားသည့် စနဲကျေးရွာသားများထဲမှ တစ်ဦးကို တောင်ကုတ်မြို့နယ် မအီမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း မအီရဲစခန်းမှူး ရဲအုပ်ကိုကိုမင်းထွန်းက ပြောသည်။

“မအီရဲစခန်းကို လွှဲပြောင်းထားတာ တစ်ယောက်မှမရှိပါဘူး။ ဗျူးဟာမှူးချုပ်မိန့်နဲ့ ချုပ်ထားသူတစ်ဦးပဲရှိပါတယ်။ အမှုဖွင့်ထားတာလဲ မရှိဘူး” ဟု ၎င်းကပြောသည်။

တပ်မတော်က စနဲကျေးရွာသား ၉ ဦးတို့အား အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသူများထဲမှနှစ်ဦးကို ယင်းနေ့ကတည်းကပင် ကျေးရွာအတွင်း၌ချုပ်နှောင်ထားခဲ့ပြီး ကျန်နှစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများနှင့်အတူ လာရောက် ပို့ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးခန့်ကြာမြင့် လာနေပြီး တိုက်ပွဲအကျိုးဆက်အနေဖြင့် သံသယဖြင့် အရပ်သားဖမ်းဆီးခံရမှုများ၊ ဖမ်းဆီးခံရပြီးနောက် သတင်း အစအန ပျောက်ဆုံးနေသူများမှာလည်း ပိုများလာနေသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ပြည့်နှစ် ဇွန်လကနေ ယနေ့(အောက်တိုဘာလ ၁၆ ရက်နေ့) အထိ သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း( ၅၀)ဦးထိ ရှိနေသည်။

ဗီဒီယိုများ