အမ်းမြို့နယ်မှ ဒေသခံကိုးဦးအား တပ်မတော်စစ်ကြောင်းမှဖမ်းဆီးခေါ်ဆောင်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ကျေးရွာသားကိုးဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 13 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ကျေးရွာသားကိုးဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။

တပ်မတော်စစ်ကြောင်းမှ ယင်းကျေးရွာသို့ အောက်တိုဘာ ၁၀ ရက်နေ့ကရောက်ရှိလာပြီး ရွာသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအပြင်ဘက်၌ နွားကျောင်းနေသူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း တပ်မတော်စစ်ကြောင်းမှ ယင်းကျေးရွာအတွင်းသို့ ထပ်မံ ရောက်ရှိလာကာ ရွာသားခြောက်ဦးကို နေအိမ်အတွင်းမှခေါ်ထုတ်ကာ ဖမ်းဆီးသွားခဲ့ကြောင်း ရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိဖမ်းဆီးခံထားရသူ ကိုးဦးထဲမှ နှစ်ဦးအား ကျေးရွာအတွင်း၌သာ ချုပ်နှောင်ထားပြီး ကျန်ဒေသခံများအား မအီမြို့ရှိ ဇီးဇံတောင်၌ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဖမ်းဆီးခံထားရသည့် ဦးမောင်သန်းတင်၏သားဖြစ်သူ ကိုတင်ဌေးက DMG သို့ပြောသည်။

“အဖမ်းခံရသူတွေထဲက နှစ်ယောက်ကိုတော့ ရွာထဲကနေ ရွာပြင်ကိုလုံးဝမထွက်ရဘူးဆိုပြီး အကျယ်ချုပ် ဖမ်းထားတယ်။ ကျနော့်အဖေနဲ့ တခြားလူတွေကတော့ ဇီးဇံတောင်မှာ ဖမ်းထားတယ်လို့တော့ သတင်း ကြားတယ်။ အဲဒီတောင်မှာက တပ်မတော်သားတွေက တပ်စွဲနေထိုင်လို့ရှိတယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဦးမောင်သန်းတင်၊ ဦးညီပု၊ မောင်မြင့်စိုးနိုင်၊ ကိုဇော်လတ်၊ င/ပျောကြီး၊ ဦးစိုးလွင်၊ ဦးမောင်ကဲ၊ ကိုမောင်သန်းမြင့်နှင့် ကိုမောင်သန်းရွှေတို့ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျနော်တို့ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ရတာကတော့ သူတို့တွေရဲ့အသက်အန္တရာယ်ကိုပဲစိုးရိမ်နေတယ်။ သူတို့တွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲ။ သူတို့တွေနဲ့ရော ထပ်တွေ့ခွင့်ရအုံးမလားဆိုတဲ့ အ‌တွေး နဲ့ပဲစိတ်ပူနေရတယ်။ ကျနော့်အဖေဆိုရင် ဘာအပြစ်မှမလုပ်ထားဘဲ နွားကျောင်းနေရင်း ဖမ်းဆီးခံရတာဖြစ်တဲ့ အတွက် အမှား၊အမှန်ကိုသိရအောင် တရားဥပဒေအရပဲ ရင်ဆိုင်ချင်ပါတယ်” ဟု ကိုတင်ဌေးကဆိုသည်။

ယင်းသို့ ကျေးရွာသားများဖမ်းဆီးခံထားရသည်ဆိုသော မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့ကို DMG  က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကာလအတွင်း အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုများမှာ နေ့စဉ်နှင့်အမျှတိုးလာနေသည်။
DMG ကကောက်ယူထားရရှိထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ယနေ့(အောက်တိုဘာလ ၁၃ ရက် နေ့ထိ) သံသယဖြင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း (၄၉)ဦးအထိရှိသည်။

ဗီဒီယိုများ