အမ်း-စစ်တွေကားလမ်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် မိုင်းရှင်းလင်းရေးများ စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်အတွင်းရှိ အမ်း-စစ်တွေကားလမ်းတစ်လျှောက်နှင့် ရသေ့တောင်မြို့နယ်ရှိ အငူမော်ကျေးရွာနှင့် ခမောင်းဆိပ်ကျေးရွာတို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်နေ့) နံနက်ပိုင်းကစတင်ကာ တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

15 Feb 2021

DMG | ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်အတွင်းရှိ အမ်း-စစ်တွေကားလမ်းတစ်လျှောက်နှင့် ရသေ့တောင်မြို့နယ်ရှိ အငူမော်ကျေးရွာနှင့် ခမောင်းဆိပ်ကျေးရွာတို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်နေ့) နံနက်ပိုင်းကစတင်ကာ တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

“ဒီနေ့မနက်စလုပ်နေပြီပေါ့နော်။ မိုးလင်းကနေမိုးချုပ်ထိ တတ်နိုင်သလောက်ရှင်းသွားမှာပဲ။ လောလော ဆယ်တော့ ဘာအခက်အခဲမှမရှိသေးဘူး။ အခြေအနေတော့ကြည့်ရမှာပေါ့။ အဓိကနံပါတ်(၁) ရှင်းမှာတော့ ကားလမ်းတွေ။ သူတို့ကတော့ တောက်လျှောက်သွားမှာပေါ့။ အမ်းဖက်ကလည်းရှင်းလာမယ်။ စစ်တွေဖက် ကလည်းရှင်းပြီးတော့လာမယ်။ ပြည်ထောင်စုလမ်းမကြီးတစ်ခုလုံးမှာရှိတဲ့ လမ်းတွေကိုရှင်းမှာပေ့ါ။ နီးစပ်ရာ ရွာတွေကလည်း အကူအညီတောင်းလာရင်ရှင်းပေးမှာပါ’’ ဟု ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးရာတွင် ကျေးရွာအနီးတစ်ဝိုက်ကိုသာ ရှင်းလင်း ပေးမည်ဖြစ်သဖြင့် ကျေးရွာသားများအနေဖြင့် တောတောင်များကိုသွားရောက်ရန် မဖြစ်နိုင်သေးပေ။

“တောတွေ၊တောင်တွေအထိတော့မလိုက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ တောတောင်တွေမှာ ဟိုဖက်က အဖွဲ့ အစည်းတွေမြှုပ်ထားတာတွေလည်း ရှိနိုင်တယ်။ အဲ့ဒါကိုတော့ ဟိုဖက်ကအဖွဲ့အစည်းတွေကိုပြောမယ်လေ၊ မြှုပ်ထားတာတွေပြန်ဖော်ပေးဖို့။ ဆွေးနွေးတဲ့အခါထည့်ပြောရမှာပေါ့’’ ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

လက်ရှိတွင် မိုင်းရှင်းလင်းရေးကို တပ်မတော်က သီးသန့်သာလုပ်ဆောင်နေခြင်းဖြစ်ပြီး အရပ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်လိုက လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကျေးရွာလူကြီးများ အနေ ဖြင့်လည်း ပူးပေါင်းလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်ကမူ “မနေ့ညက စစ်ကြောင်းတစ်ခု ရောက်တယ်။ စစ်ကြောင်းရောက်နေလို့ ဘာမှမစိုးရိမ်နဲ့ ရခိုင်မှာဘာမှမဖြစ်တော့ဘူးလို့တော့ တပ်ဖက်က ဖုန်းနဲ့လှမ်းပြောတယ်။ ပြီးတော့ မိုင်းရှင်းလင်းတဲ့အခါလိုအပ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ၊ရပ်ဖတွေကို လှမ်းခေါ်လို့ ရှိရင်လာပေးကြပါဆိုပြီးတော့လည်း မှာသွားတယ်။ ကျနော်တို့ကတော့ တပ်မတော်က အခုလိုမိုင်းရှင်းလင်း ပေးတဲ့အတွက် ဒေသခံတွေလုံလုံခြုံခြုံနဲ့သွားလာနိုင်မယ်လို့တော့ယုံကြည်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့သည်။

အလားတူ ၂၀၂၀ ခုနှစ်အတွင်းတွင်လည်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးအထိတိုးလာခဲ့ကြောင်း အစိုးရ၏စာရင်းများအရ သိရသည်။

ဗီဒီယိုများ