ပရဟိတသမား ကိုအမ်းသားကြီးစီးနင်းလာသည့်ကားကို စစ်တပ်က ဖမ်းဆီးရန်ကြိုးစား

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန်သွားသည့် ပရဟိတသမား ကိုအမ်းသားကြီး၏ ကားကို ယနေ့(စက်တင်ဘာလ ၁၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ တပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကပြောသည်။  

16 Sep 2022

မြန်မာစစ်တပ်က ဖမ်းဆီးရန်ကြိုးပမ်းသည့် ကိုအမ်းသားကြီးကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၆

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန်သွားသည့် ပရဟိတသမား ကိုအမ်းသားကြီး၏ ကားကို ယနေ့(စက်တင်ဘာလ ၁၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ တပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကပြောသည်။  

ကိုအမ်းသားကြီးအပါအဝင် အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၅ ဦးသည် မောင်တောဒေသရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန်သွားရောက်စဉ် ထိုသို့ပစ်ခတ်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ကိုအမ်းသားကြီးကပြောသည်။

"ကျနော်တို့က ကယ်ဆယ်ရေးပေးဖို့အတွက် မြောက်ဦးတို့၊ ပုဏ္ဏားကျွန်းတို့ဖက်က လိုက်မယ့်လူတွေကိုသွားခေါ်တာ။ အရင်နေ့တွေကလည်း သွားခွင့်ပြုတယ်။ ဒီနေ့ဂိတ်ကိုရောက်တော့ စစ်သားတွေကလာပြီး ‘ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ’ဆိုပြီး လာမေးတယ်။ မေးတဲ့အခါလည်း သူတို့ပုံစံက မူမမှန်ဘူး။ ကျနော်တို့ကိုမေးပြီးတော့ အနောက်မှာရှိတဲ့ ဗိုလ်ကြီးဆီကိုဖုန်းနဲ့အကြောင်းကြားတာတွေလုပ်တယ်။ ကျနော်တို့လည်း သူတို့ရဲ့မျက်နှာ အမူအယာတွေကိုအကဲခတ်ပြီး ငါတို့တွေကို အကြောင်းမရှိ၊ အကြောင်းရှာပြီး ဖမ်းတော့မယ်ဆိုတာသတိထားမိသွားလို့ ကားကိုမောင်းပြေးပြီးထွက်ပြေးလာကြရတယ်"ဟု ၎င်းကပြောသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပြီး မိနစ်ပိုင်းအကြာတွင် မြန်မာစစ်တပ်ကို ထောက်ခံရေးသားကြသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ကိုအမ်းသားကြီး စီးနင်းလာသည့်ကားတွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ဟုသတင်းရ၍ စစ်တပ်က စစ်ဆေးရာတွင် အစစ်ဆေးမခံဘဲ ထွက်ပြေးသွားကြောင်း ဝါဒဖြန့်ရေးသားနေကြသည်။

ထိုသို့ မူးယစ်ဆေးဝါးများကို တင်ဆောင်လာခြင်းမရှိကြောင်း၊ စွပ်စွဲချက်သာဖြစ်ကြောင်း ကိုအမ်းသားကြီးက တုန့်ပြန်သည်။

"ရခိုင်ပြည်၊ ရခိုင်လူမျိုး အညွှန့်တုံးမယ့်ကိစ္စမျိုးကို ကျနော်ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော့်အကြောင်းကိုရော၊ လုပ်ကိုင်လာခဲ့တဲ့အလုပ်အကိုင်တွေရော ရခိုင်တပြည်လုံးသိပါတယ်။ နောက်ပြီး ကျနော်တို့က ရာမောင်တံတားနားက ရဲဂိတ်ကိုဖြတ်လာတာ၊ မူးယစ်ဆေးဘယ်လိုပါမလဲ။ အခုချိန်က ရဲနဲ့စစ်သားတွေက ပြည်သူတွေကို အပြစ်မရှိအပြစ်ရှာဖမ်းပြီး ထောင်ချမယ်။ လူမသိသူမသိ သတ်ပစ်မယ်ဆိုတဲ့ အတွေးပဲရှိတယ်လို့မြင်တယ်။ ဒီနေ့ ကျနော့်ကို အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းကိုဖမ်းမယ်ဆိုတာသိလို့ ပြေးလာတာ။ ကျနော့်မှတ်ပုံတင်တောင် စစ်သားတွေဆီမှာကျန်ခဲ့တယ်"ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကိုအမ်းသားကြီးအပါအဝင် ကားတွင်လိုက်ပါလာသူများမှာ တိမ်းရှောင်နေကြရပြီး မြန်မာစစ်တပ်ဖက်မှလည်း မြောက်ဦးမြို့ထဲ၌ ရှာဖွေစုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဗီဒီယိုများ