မဲဆန္ဒနယ်သုံးနေရာသာ ရွေးကောက်ပွဲကျင်းပခွင့်ရသော အမ်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးအသာရနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိနေကြောင်း ယင်းပါတီ (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

09 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၉ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိနေကြောင်း ယင်းပါတီ (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတတော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တို့တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်သုံးနေရာစလုံးတွင် USDP ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိနေကြောင်း ဒေါက်တာစန်းရွှေက ပြောသည်။

“ပြည်သူ့လွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်တစ်နေရာ၊ အမျိုးသားလွှတ်တော်တစ်နေရာရှိတယ်မှာ သုံးနေရာစလုံးမှာ နိုင်နေတယ်။ဒါပေမယ့် အမျိုးသားလွှတ်တော်က ရမ်းဗြဲမြို့နယ်ကမဲနဲ့ ပေါင်းရဦးမယ်၊ အဲအချိန်မှ အတည်ပြုလို့ရနိုင်မယ်” ဟု ၎င်းကပြောသည်။

အမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ ကို လွတ်လပ်ပြီးတရားမျှသည့် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ထုတ်ပြန်ထားသည်။

အဆိုပါမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ရခိုင့်ဦးဆောင်ပါတီ (AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရှိသည်။

လက်ရှိတွင် ကြံ့ခိုင်ရေးပါတီမှ အားသာနေသည့်အတွက် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီအနေဖြင့် ဒုတိယနေရာမှကပ်လိုက်နေရကြောင်း ရခိုင်ပြည်နယ် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးကဆိုသည်။

“ရလဒ်က အတိအကျမသိရသေးဘူး။ ပေါင်းတုန်းလို့ပြောတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးက အားသာနေတယ်။ NLD ကတော့ ကပ်လိုက်နေရတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းက “မဲရလဒ်ကတော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် ကျနော်တို့က နည်းနည်းတော့စိတ်ပျက်တယ်။ ဒါပေမယ့် မပြိုင်မဖြစ်လို့သာ ဝင်ပြိုင်ရတယ်။ ကျနော့်မဲဆန္ဒနယ်က အမ်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၇ ခုနဲ့ အုပ်စုလေးခု ဖြစ်တယ်။ အဲဒီအုပ်စုကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်း ၁၀ လောက် ရှိတယ်။ ဆိုတော့ မဲဆန္ဒနယ်တိုးတာကလည်း အဲဒီတပ်ရင်းတွေကိုပဲ တိုးလိုက်တယ်။ ကျန်တဲ့ တခြားပါတီတွေကို ဝန်းရံထောက်ခံတဲ့ တကယ်အမျိုးသားစိတ်ဓာတ်ရှိတဲ့ရွာတွေကျတော့ အကုန်လုံးချန်လှစ်ထားတယ်” ဟုဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က အမ်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၂) ခုတွင် လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိကြောင်း UEC မှ ထုတ်ပြန်ခဲ့သော်လည်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် မကျင်းပဟုကြေငြာထားသည့် အမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၄ ခုတွင် ပြန်လည်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ထပ်မံကြေငြာခဲ့သည်။

သို့သော် ပြန်လည်ကျင်းပမည့် ကျေးရွာအုပ်စု ၄ အုပ်စုမှာ တပ်နယ်မြေများဖြစ်နေသဖြင့် ကြံ့ခိုင်ရေးပါတီမှ မဲအသာစီးရအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမ်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းများက ဝေဖန်ခဲ့ကြသည်။

လက်ရှိတွင် အမ်းမြို့နယ်၌ ရွေးကောက်ပွဲကျင်းပနိုင်သည့် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့ရှိပြီး မဲရုံစုစုပေါင်း ၂၆ ရုံနှင့် မဲဆန္ဒရှင်ဦးရေ (၂၂၉၄၅) ဦးရှိသည်။

အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ ANP မှ ဦးထွန်းထွန်းနိုင်၊ ရခိုင့်ဦးဆောင်ပါတီ AFP မှ ဦးလှစောမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှ ဦးတင်ရီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဒေါ်ဉာဏ်မြင့်ရီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးတင်အောင်တို့ ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်အမှတ်(၁) တွင် ရခိုင်အမျိုးသားပါတီ ANP မှ ဦးဇော်မင်း၊ ရခိုင့်ဦးဆောင်ပါတီAFP မှ ဦးစိုးနိုင်ထွန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှ ဦးစိုးသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဦးနေလင်း(ခ) ဦးလင်းဇော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးကျော်ကျော်နိုင်၊ တစ်သီးပုဂ္ဂလအဖြစ် ဦးမောင်မောင်လွင်၊ဦးမြသန်း၊တို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ ANP မှ ဦးကျော်လင်ထူး၊ရခိုင့်ဦးဆောင်ပါတီAFP မှ ဦးထွန်းဝင်းလတ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD မှ ဦးစန်းအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဦးမိုးနိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးသောင်းဝင်းတို့ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဆပ်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ