အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီ မဲအပြတ်သတ်ဖြင့် အနိုင်ရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အဓိကပြိုင်ဘက်ပါတီများဖြစ်သည့် NLD ပါတီကို မဲ၁၀၀၀ ကျော်၊ ရခိုင်အမျိုးသားပါတီကို မဲ ၄၀၀၀ ကျော်အသာဖြင့် အပြတ်သတ်အနိုင်ရရှိသွားကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

09 Nov 2020

USDP ပါတီ၏ စစ်တွေမြို့တွင်း မဲဆွယ်စည်းရုံးရေးမြင်ကွင်းတစ်ခု (ဓာတ်ပုံ - ချမ်းအေး)

မင်းထွန်း | DMG
နိုဝင်ဘာ ၉၊ အမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အဓိကပြိုင်ဘက်ပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲ၁၀၀၀ ကျော်၊ ရခိုင်အမျိုးသား ပါတီ (ANP) ကို မဲ ၄၀၀၀ ကျော်အသာဖြင့် အပြတ်သတ်အနိုင်ရရှိသွားကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

ပြည်သူ့လွှတ်တော်နေရာတွင် USDP မှ ၆၅၂၇ မဲ၊အမျိုးသား လွှတ်တော်တွင် ၆၆၂၂ မဲ၊ ပြည်နယ်လွှတ်တော်မြဆန္ဒနယ် အမှတ်၁ တွင် ၆၀၅၄ မဲရရှိပြီး ပြိုင်ဘက်ပါတီများကို အပြတ်သတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၅၀၄၇မဲ၊ ANP ၁၉၀၅ မဲ၊ ရခိုင့်ဦးဆောင်ပါတီ(AFP) က ၉၄၂ မဲ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက ၇၅၉ မဲ အသီးသီးရရှိခဲ့ကြသည်။

အမျိုးသားလွှတ်တော်တွင်လည်း NLD ပါတီက ၅၂၇၁မဲ ၊ ANP ပါတီက ၁၄၀၆) မဲ၊ AFP ပါတီက ၁၁၀၄ မဲ၊ ALD ပါတီက ၉၉၃ မဲ အသီးသီးရရှိခဲ့သည်။

အလားတူ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) တွင် NLD ပါတီက ၃၄၈၇ မဲ၊ ANP ပါတီက၁၀၇၀ မဲ၊ AFP ပါတီ က ၇၂၆ မဲ၊ ALD ပါတီက၁၀၄၇မဲ ၊တသီးပုဂ္ဂလနှစ်ဦးဖြစ်သည့် ဦးမြသန်းက ၂၂၄၄မဲ၊ ဦးမောင်မောင်လွင်က ၈၆၄ မဲ ရရှိခဲ့ကြသည်။

“ ကျင်းပတဲ့နေရာတွေက ပြည်ခိုင်ဖြိုးကို ယုံကြည်တဲ့ရွာတွေဖြစ်နေတယ်။ အရင် ရွေးကောက်ပွဲတွေမှာလည်း အဲဒီနေရာတွေ နိုင်ခဲ့တယ်။ ပြည်ခိုင်ဖြိုးနဲ့ အဆက်အသွယ်အမြဲမပြတ်ရှိနေတဲ့ ရွာတွေဖြစ်လို့ ယုံကြည်ပြီး မဲ ပေးကြတာထင်တယ် ” ဟု ရခိုင်ပြည်နယ် (USDP) ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်၌ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အမှတ် (၁) တို့တွင် အနိုင်ရရှိခဲ့ပြီး ရခိုင်အမျိုးသားပါတီ(ANP) မှ အမျိုးသားလွှတ်တော် နေရာနှင့် ပြည်နယ်လွှတ်တော်အမှတ်(၂)တို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲရလဒ်များသည် သက်ဆိုင်ရာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့၏စာရင်းများဖြစ်ပြီး မဲရလဒ်အတိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

အမ်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ရှစ်ခုတို့ရှိပြီး မဲရုံ စုစုပေါင်း ၂၆ ရုံနှင့် မဲဆန္ဒရှင်ဦးရေ ၂၂၉၄၅ ဦးရှိသည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ