ရသေ့တောင်မြို့နယ်တွင် မွတ်ဆလင်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်(မွတ်ဆလင်)ကျေးရွာတွင် ယနေ့(အောက်တိုဘာ ၇ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က လက်နက်ငယ်ကျည်ထိမှန်ပြီး ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်ထံမှ သိရသည်။

By နှင်းနွယ် 07 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်(မွတ်ဆလင်)ကျေးရွာတွင် ယနေ့(အောက်တိုဘာ ၇ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က လက်နက်ငယ်ကျည်ထိမှန်ပြီး ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်ထံမှ သိရသည်။

ပစ်ခတ်သံများကြား၍ ကျေးရွာဆေးခန်းအနီးရှိ မြောင်းထဲ၌ဝပ်နေစဉ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ ကိုရော်ဖိ (၂၈)နှစ်က DMG သို့ ပြောသည်။

“လက်နက်ငယ်တွေက ဘယ်ကပစ်လို့ပစ်မှန်းလည်းမသိဘူး။ ပစ်သံကြားတော့ ကျနော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ မြောင်းထဲဆင်းပုန်းနေတယ်။ အဲဒီအချိန်မှာ ဆေးရုံကမှန်ကို လာထိပြီးတော့မှတစ်ဆင့် ကျနော့်ဆီကို ထိသွားတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကိုရော်ဖိတွင် ဘယ်ဘက်မျက်စိအောက်၌ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာ၌ ဆေးကုသမှုခံယူလျက် ရှိသည်။

အနောက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက အဆိုပါလက်နက်ငယ်များမှာ ကျေးရွာအနောက် ဘက်ရှိ မေယုမြစ်ဖက်မှလာခြင်းဖြစ်ကြောင်း ပြောသည်။

“ပစ်သံတွေကြားတော့ ကျနော်တို့လည်းကြောက်ပြီးတော့ ရွာထဲမှာစုပြီး ပုန်းနေရတယ်။ တပ်မတော်ရေယာဉ်ကလည်း မကြာခဏပစ်တာတွေရှိတယ်။ ဒီလိုသာ ပစ်နေမယ်ဆိုရင် ကျနော်တို့ ဘယ်လိုနေရမလဲ။ တစ်ခြားရွာတွေကို ရှောင်ပြေးဖို့ဆိုတာကလည်း ဒီဖက်မှာမွတ်စလင်ရွာက တစ်ရွာပဲရှိတာ။ ပြေးမယ့်နေရာလည်းမရှိတော့ အရမ်းကို စိုးရိမ်နေရတယ်” ဟု အနောက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း အနောက်ပြင်ကျေးရွာမှ အသက်(၁၀)နှစ်အရွယ် အမျိုး သမီးငယ်တစ်ဦး လက်နက်ငယ်ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးခင်မောင်လတ်က ယနေ့ညနေပိုင်းတွင် ယင်းကျေးရွာအနီး တစ်ဝိုက်၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်ရေယာဉ်မှ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကျည်များ ကျရောက်သည်ကို ကြားသိရကြောင်း ပြောသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့ကို DMG က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တပ်မတော်ရေယာဉ်မှ အကြောင်းမဲ့ပစ်ခတ်ခြင်းမဟုတ်ဘဲ ရေယာဉ်များပစ်ခတ်ခံရသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည်ခုခံပစ်ခတ်ရခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဗီဒီယိုများ