ANP မှ နှုတ်ထွက်စာ တင်ထားသူများအနေဖြင့် ဖြေရှင်းစရာရှိသည့် ကိစ္စရပ်များကို လာရောက်ဖြေရှင်းပြီးမှ နှုတ်ထွက်ခွင့်ပေးမည်ဟုဆို

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် နှုတ်ထွက်စာတင်ထားသော ပါတီကိုယ်စားလှယ်များမှာ နှုတ်ထွက်လိုလျှင် ရှင်းစရာရှိသည့် ကိစ္စရပ်များကို လာရောက်ဖြေရှင်းပေးပါက နှုတ်ထွက်ခွင့်ပေးမည်ဖြစ်ကြောင်း ANP ပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးဖေသန်းကပြောသည်။

15 Jul 2020

ခင်သရဖီဦး | DMG
ဇူလိုင် ၁၅ ၊ စစ်တွေ

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် နှုတ်ထွက်စာတင်ထားသော ပါတီကိုယ်စားလှယ်များမှာ နှုတ်ထွက်လိုလျှင် ရှင်းစရာရှိသည့် ကိစ္စရပ်များကို လာရောက်ဖြေရှင်းပေးပါက နှုတ်ထွက်ခွင့်ပေးမည်ဖြစ်ကြောင်း ANP ပါတီ မူဝါဒ ရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးဖေသန်းကပြောသည်။

ပါတီစည်းကမ်း ပုဒ်မ(၆၅)တွင် ပါတီဝင်တစ်ဦးအနေဖြင့် လွတ်လပ်စွာနှုတ်ထွက်နိုင်သော်လည်း ပါတီနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းပြီးမှသာ နှုတ်ထွက်ခွင့်ပေးမည်ဟု ဦးဖေသန်းကဆိုသည်။

“ပါတီက နှုတ်ထွက်စာတင်ထားတဲ့ တချို့ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက  ရိုးရိုးထွက်သွားတာ မဟုတ်ဘဲ ပါတီကိုအပုပ်ချပြီးတော့ နှုတ်ထွက်သွားတဲ့လူတွေ ၊ ပါတီလစဉ်ထောက်ပံ့ကြေးတွေကို မပေးဘဲ ထွက်ပြေးသွားတဲ့ ပါတီဝင်တွေနဲ့ ပါတီမကောင်းကြောင်းကို ထွက်စာမှာရေးထားတဲ့ ကိုယ်စားလှယ်တွေလည်း ရှိတဲ့အတွက် ပါတီနဲ့ရှင်းဖို့ လိုအပ်တဲ့ကိစ္စရပ်တွေကို ဖြေရှင်းပေးမှ နှုတ်ထွက်ခွင့်ပေးမယ်” ဟု ၎င်းကဆိုသည်။  

လက်ရှိတွင် ANP ပါတီမှ နှုတ်ထွက်ခွင့်မရသေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သူ့အနေဖြင့် ANP ပါတီဝင်အဖြစ် ရပ်တည်ခဲ့စဉ်က ပုံမှန်လစဉ်ထောက်ပံ့ငွေများ ပေးခဲ့သော်လည်း နှုတ်ထွက် သွားသည့်နောက်ပိုင်းတွင် ပါတီနှင့်မသက်ဆိုင်တော့သည့်အတွက် မထည့်ခြင်းဖြစ်ကြောင်းပြောသည်။

“ကျွန်မအနေနဲ့ကတော့ တစ်ခုရှင်းလင်းစရာရှိတာက ပါတီဝင်ကြေးကို ANP ပါတီဝင်အဖြစ် ရပ်တည်ခဲ့တဲ့အခါ ထည့်ခဲ့တယ်။ ANP အဖြစ် မရပ်တည်တဲ့အခါတော့ ပါတီဝင်ကြေးမထည့်တော့ဘူး။ ဒါကြောင့် ကျွန်မတို့က နိုင်ငံရေးကို မူအရလုပ်တဲ့အတွက်ကြောင့် တပြိုင်နက်တည်းမှာ ပါတီနှစ်ခုမှာအလုပ်လုပ်လို့ မရတာကြောင့် ကိုယ်ဝင်ခဲ့တဲ့မူအရ ရပ်တည်ခဲ့တဲ့အတွက်ကြောင့် တကယ်တမ်းစိတ်ရောကိုယ်ပါ ဖြစ်ခဲ့တဲ့အချိန်မှာ ထည့်ခဲ့တယ်” ဟု ဒေါ်ထုမေကဆိုသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကာလတွင် အဟန့်အတားများ ပေါ်ပေါက်လာနေခြင်းကြောင့် မည်သည့်နေရာက ဝင်ရောက်ယှဉ်ပြိုင်မည်ကို မပြောနိုင်သေးကြောင်းလည်း ဒေါ်ထုမေက ဆိုသည်။

နိုင်ငံရေးကို ခုတုံးလုပ်ပြီးတော့ ဘာအခွင့်အရေးမှ ကျွန်မ မယူခဲ့ဘူး။ ကျွန်မရိုးရိုးသားသားပဲ ပြည်သူတွေအတွက် အလုပ်လုပ်ခဲ့တယ်။ နောက်တခုက ကိုယ့်ကနိုင်ငံသားလို့ ခံယူထားရင်တော့ လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်ရမှ ပါတီမှာနေရာကြီးရမှာဆိုတဲ့ အတွေးမျိုး ကျွန်မမှာမရှိပါဘူး။ ကိုယ်တတ်စွမ်းသလောက် ကိုယ့်ခံယူချက်နဲ့ အလုပ်လုပ်တာ ဖြစ်တာကြောင့် လာမည့်ရွေးကောက်ပွဲမှာ ဘယ်ပါတီက ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာ မပြောနိုင် သေးပါဘူး” ဟု ဆိုသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေပုဒ်မ ၂၁ အရ ပါတီတခုမှ နှုတ်ထွက်ခွင့်မရသူတစ်ဦးအနေဖြင့် တခြားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသက်ထွန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏မေးမြန်းမှုကို ပြည်သူ့ လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းကြောင့် ရခိုင်အမျိုးသားပါတီ(ANP)မှ နှုတ်ထွက်စာတင်ထားသည့် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း နိုင်ငံရေးလှုပ်ရှားမှုတွင် အကျပ်အတည်းဖြစ်နေကြခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် ဥပဒေကို နှစ်မျိုးသုံးနေသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ဝေဖန်သည်။

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ်က ANP မြို့နယ် ဒုတိယဥက္ကဋ္ဌဟာ ALD ပါတီက ဝင်ပြိုင်ခဲ့တယ်။ အဲဒီအခါ ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပေမယ့် UEC ကနေပြီးတော့ နိုင်ငံသားအခွင့်အရေး အရဆိုပြီးတော့ ခွင့်ပြုခဲ့တယ်။ အခုချိန်မှာ AFP ကိုကျတော့ ဟိုနေ့က ဦးဘရှိန်မေးတော့ UEC ဖြေတာက တစ်သီး ပုဂ္ဂလအနေနဲ့သာ ဝင်ခွင့်ရမယ်ဆိုတာမျိုး ပြောတာတွေရ့တယ်။ ဆိုတော့ UEC ကိုယ်တိုင်က နှစ်မျိုးကျင့်သုံးနေသလိုမျိုး ဖြစ်နေတယ်။ AFP ပါတီအတွက်ဆိုတစ်မျိုး ALD အတွက်ဆိုတစ်မျိုး နှစ်မျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ANP ပါတီမှ နှုတ်ထွက်စာတင်ထားသူများမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဝေစိန်အောင်၊ ဦးခင်မောင်လတ်၊ ဒေါ်ထုမေ၊ ဦးကျော်ကျော် အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနှင့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဇောဦး၊ ဦးကျော်လွင်တို့ ဖြစ်ကြသည်။

၎င်းတို့မှာ လက်ရှိတွင် ALD နှင့် AFP ပါတီဝင်များအဖြစ် တည်ရှိနေကြသည်။

ဗီဒီယိုများ