ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပလျှင် တခြားပြည်နယ်နှင့်တိုင်းတွင် ဝင်ပြိုင်ရန် ANP ရည်မှန်း

ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် မကျင်းပဖြစ်လျှင် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

03 Mar 2020

ရခိုင်အမျိုးသားပါတီ(ANP)၊ ဌာနချုပ်ရုံးဖွင့်ပွဲနေ့ကပါတီဝင်များကို တွေ့ရစဉ်။ 


ခင်သရဖီဦး | DMG
မတ် ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် မကျင်းပဖြစ်လျှင် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

နိုင်ငံရေးပါတီတစ်ခုသည် လွှတ်တော်သက်တမ်းတစ်ရပ်စီအတွက်ကျင်းပသည့် ရွေးကောက်ပွဲတစ်ရပ်စီတွင် မည်သည့်မဲဆန္ဒနယ်၌မဆို အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပြဌာန်းထားသည်။

ထို့ကြောင့် ပါတီဖျက်သိမ်းမခံရရေးအတွက် အနည်းဆုံးသုံးနေရာ(သို့မဟုတ်)သုံးနေရာအထက်ဝင်ရောက် ယှဉ် ပြိုင်ရန်ဆုံးဖြတ်ထားသော်လည်း မည်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ကို မဆုံးဖြတ်ရသေးပေ။

“ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်ခဲ့ရင် ဖြစ်တဲ့နေရာမှာ ပါတီတစ်ခုရပ်တည်ဖို့အတွက် သုံးနေရာလောက် ဝင်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီကပျက်မယ်။ အဲဒါကြောင့် တရားဝင်ရပ်တည်နိုင်မှုရှိဖို့အတွက် ပါတီတစ်ခုဟာ ကျနော်တို့ ဆွေးနွေးကြတာကတော့ အသံထွက်ဖို့လိုအပ်နေတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ဖြတ်သန်းဖို့လို့ ဆုံးဖြတ်ထားတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ရခိုင်ပြည်နယ်မြို့နယ် (၉)မြို့နယ်ခန့်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား နေပြီး ယင်းမြို့နယ်များတွင် ရွေးကောက်ပွဲ မကျင်းပမည်ကို ပါတီများနှင့်ဒေသခံတချို့က စိုးရိမ်မှုရှိကြသည်။ လက်ရှိအချိန်ထိ ယင်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပ၊မကျင်းပကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

“ရွေးကောက်ပွဲလုပ်မယ် မလုပ်ဘူးဆိုတာက အစိုးရဆီမှာ မူတည်တယ်။ ကျနော်တို့အနေနဲ့ကလည်း ဒီအချိန်လောက်ဆို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာပေးဖို့ လိုအပ်နေပြီလိုမြင်တယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်တွင်း အများဆုံးအနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် မျှော်လင့်ထားသော်လည်း မြို့နယ်တချို့တွင် လုံခြုံရေး ကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် အခြေအနေ ရှိနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဇန်နဝါရီလအတွင်းတွင် DMG သို့ပြောဆိုထားသည်။

ဗီဒီယိုများ