ပြည်နယ်စီမံခန့်ခွဲမှုအာဏာ ရခိုင်အမျိုးသားပါတီ လိုချင်၊ အကျိုးစီးပွားမထူးခြားနေ့ လမ်းခွဲမည်

ရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက် ပြည်နယ်၏စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်အာဏာရရှိရေးကို ဆက်လက် ဆောင်ရွက်သွားရန် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှစ်ရက်တာ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

By DMG 12 Mar 2021

DMG ၊ မတ် ၁၂

ရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက် ပြည်နယ်၏စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်အာဏာရရှိရေးကို ဆက်လက် ဆောင်ရွက်သွားရန် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှစ်ရက်တာ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ နှစ်ရက်တာ တံခါးပိတ်ဆွေးနွေးပွဲကို စစ်တွေမြို့ ပါတီဗဟိုရုံးချုပ်တွင် ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ANP ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

“ ပြည်နယ်ရဲ့ စီမံခန့်ခွဲမှုအာဏာ လုပ်ပိုင်ခွင့်ကို လိုချင်တယ်။ အဲဒီလုပ်ပိုင်ခွင့်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားဖို့ဆိုတာကို မြောက်ဦးဗဟိုကော်မတီဝင်အစည်းအဝေးက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒါပေမယ့် အဲဒီအချက်ကို ကျနော်တို့ မရနိုင်သေးဘူး။ ဒါကြောင့် အဲဒီအချက်ကို ဆက်လက်ပြီး ရရှိအောင်အတွက် ဆောင်ရွက်မယ်၊ နည်းမျိုးစုံနဲ့ ဆောင်ရွက်မယ်။ အဲဒီအပေါ်မှာ ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည် ဖြစ်စေ ဗဟိုကော်မတီအစည်းအဝေးနဲ့ ပြန်ပြီးဆုံးဖြတ်သွားမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ငြိမ်းချမ်းသော ပြည်နယ်တစ်ခု ဖြစ်ပေါ်စေရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင် (၂) နေရာအတွက် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ရခိုင်အမျိုးသားပါတီမှ ဖေဖော်ဝါလ ၄ ရက်နေ့က တောင်းဆိုထားသည်။

ပြည်နယ်စီမံခန့်ခွဲမှုအာဏာကို ANP ပါတီမှ ရရှိမှသာလျှင် ရခိုင်ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ပြီး အကျိုးပြုနိုင်မည်ဟု ဖေဖော်ဝါရီလအတွင်းက မြောက်ဦးမြို့တွင်ကျင်းပသည့် ဗဟိုကော်မတီဝင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်နေခြင်းကြောင့် ပါတီမှ နှုတ်ထွက်ခွင့်တင်ထားသည့် ပါတီဝင် (၃) ဦးကို တရားဝင်နှုတ်ထွက်ခွင့်ပေးမည်ဟု ဦးဖေသန်းက ဆိုသည်။

“ ရခိုင်ပြည်ရဲ့ အမျိုးသားအကျိုးစီပွားအတွက် ANP ပါတီဟာ လိုအပ်ချက်အရ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ မလိုအပ်တဲ့တစ်နေ့ သို့မဟုတ် အကျိုးစီးပွားကို မထူးခြားလာတဲ့တစ်နေ့ ကျနော်တို့လမ်းခွဲဖို့ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား ရည်ရွယ်ချက်ရှိတယ်လို့ ပြောချင်တယ်” ဟု ၎င်းကဆိုသည်။

မနေ့က မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နိုင်ငံပိုင်းသတင်းစာကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

“ AA ကို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းလိုက်တာဟာ ကျနော်တို့ပါတီရဲ့ တောင်းဆိုချက်အောင်မြင်မှု မှတ်တိုင်တစ်ခုလို့ ယူဆတယ်။ ကျနော်တို့ပါတီကို စစ်ကောင်စီနဲ့ပေါင်းပြီးတော့ ပါတီတွင်းမှာရော၊ ပါတီပြင်ပမှာရော ဝေဖန်ပြောဆိုမှုတွေရှိတယ်။ အဲဒီအတွက် ဒီနေ့အစည်းအဝေးမှာ ပါတီတွင်းစည်းလုံး ညီညွတ်မှုကို တည်ဆောက်တဲ့အစည်းအဝေးလည်းဖြစ်တယ်။ နောက်တစ်ချက်က အကျိုးရလဒ်တွေကို ဒီနေ့ ထင်ထင်ရှားရှား မြင်လာတဲ့အတွက် ပြည်သူတွေကလည်း ဒီအရာတွေကို နားလည်သဘောပေါက်လာလိမ့်မယ် ” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်၌ ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စအပါအဝင် အောင်မြင်ပြီးသောအဆိုများကို ဆက်လက်အကောင်အထည်ဖော်ပေးရေး၊ ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား အကြွင်းမဲ့ လွှတ်ပေးရေး၊ အကြမ်းဖက်ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုခံရပြီးသူများ၊ ပြန်လည်လွတ်မြောက်ရေး စစ်ဘေးရှောင်ရခိုင်ပြည်သူများ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိရေးနှင့် နေသားတကျ ဘဝပြန်လည်ထူထောင်နိုင်ရေး စသည့် ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်းကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်သူသို့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီဒီယိုများ