NLD မှ ဒေါက်တာအောင်မိုးညိုဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ANP ပါတီနှင့် ဆွေးနွေးရန် ကမ်းလှမ်းမှု မရှိသေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်ပြီး တိုင်းရင်းသားပါတီများထံ သွားရောက်တွေ့ဆုံနေသည့် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ဆွေးနွေးရန် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးကြောင်း ANP ပါတီတာဝန်ရှိသူများထံမှ သိရသည်။

By မင်းထွန်း 26 Jan 2021

ဓာတ်ပုံ - ထွန်းထွန်းနိုင်

မင်းထွန်း | DMG
ဇန်နဝါရီ ၂၆ ၊ စစ်တွေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်ပြီး တိုင်းရင်းသားပါတီများထံ သွားရောက်တွေ့ဆုံနေသည့် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ဆွေးနွေးရန် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးကြောင်း ANP ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ANP ပါတီနှင့် ဆွေးနွေးရန်အတွက် NLD ပါတီမှ လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသော်လည်း ပါတီအနေဖြင့် ဆွေးနွေးရေးကို မျှော်လင့်ကြောင်း ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ ကျနော်တို့က ဆွေးနွေးဖို့ကို မျှော်လင့်တယ်။ ဒါပေမယ့် သူတို့ (NLD) ဘက်က ဆွေးနွေးမှုလည်း မလာဘူး၊ ကိုယ်ဟာနဲ့ ကိုယ်လုပ်မယ်ဆိုရင်လည်း ကျနော်တို့ဘက်က အတက်နိုင်ဆုံးကြိုးစားပြီးတော့ ပြည်သူ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်အားကိုယူပြီး အစိုးရနဲ့ check and balance လုပ်ဖို့၊ ကြိုစား စေရဖိုဆိုတဲ့ အတိုင်းအတာပဲရှိမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံနေသည့် NLD ကိုယ်စားလှယ်အဖွဲ့တွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရရှိထားသည့် (ANP) ပါတီနှင့် ဆွေးနွေးရန် ရှိ/မရှိအခြေအနေနှင့် ပတ်သတ်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ ဒါကတော့ လက်ရှိဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီညှိနှိုင်းရေးအဖွဲ့က ဆုံးဖြတ်မှာ ပါခင်ဗျာ။ဆုံးဖြတ်လုပ်ပိုင်ခွင့်က သူတို့မှာပဲရှိတယ်။ ဆုံးဖြတ်မယ့်အချိန်ကိုတော့ သူတို့ကိုပဲ မေးရမှာပါ၊သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်းသွားမှာပါခင်ဗျာ” ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ လာမည့်တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် ၅ ဦး၊ ရခိုင့်ဦးဆောင် (AFP) ပါတီမှ ၂ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၂၀ ဦးတက်ရောက်ခွင့် ရှိမည်ဖြစ်သည်။

NLD အနေဖြင့် ရခိုင်ပြည်နယ်ကောင်းကျိုးကို ရှေ့ရှုလျှင် ရခိုင်နိုင်ငံရေးပါတီများကို ဆွေးနွေးဖော်၊ဆွေးနွေး ဖက်အဖြစ် အသိမှတ်ပြု၍ လက်ချင်းတွဲပြီး ဆောင်ရွက်သင့်ကြောင့် ဦးဖေသန်းက ပြောသည်။

“ ရခိုင်ပြည်မှာရှိတဲ့ စိန်ခေါ်မှုတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ NLD အနေနဲ့ ရခိုင်အမျိုးသားပါတီနဲ့ မဆွေးနွေးရင်တော့ ဒီဖြစ်စဉ်တွေရဲ့ ရှေ့မှာအားနည်းသွားမယ့်အတိုင်းအတာရှိတယ်။ ရခိုင်ပြည်မှာရှိတဲ့ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ANP နဲ့ ညှိနှိုင်းဆွေးနွေးပြီး ရခိုင်ပြည်တည်ငြိမ်ရေးကို ကြိုးစားသွားမယ်ဆိုရင် ကျနော်တို့မျှော်လင့်နေတဲ့ငြိမ်းချမ်းကိုရနိုင်မယ်၊ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရနိုင်မယ်” ဟု ဆိုသည်။

NLD အနေဖြင့် ANP ပါတီမှ ကိုယ်စားလှယ်များအပါအဝင် တခြား ရခိုင်ပါတီများမှ ကိုယ်စားလှယ်များကို ဆွေးနွေးဖော်၊ဆွေးနွေးဖက်ဟု သဘောမထားဘဲ ၎င်းတို့အနေဖြင့် တစ်ပါတီတည်းလုပ်ဆောင်လျှင် ရခိုင်ပြည်တည်ငြိမ်ရေးကို လုံးဝထိန်းနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

တစ်ဖက်တွင် အစိုးရသစ်ဖွဲ့ရန်အတွက် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေငြာထားသည်။

အလားတူ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းနေ့တွင် တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

ဗီဒီယိုများ